နိုင်/ကျဉ်း စိစစ်ရေး ကော်မတီ ထောက်ခံ မှု နှင့် ၅ ဦးလွတ်


2013.12.31
jail-prisoner-305 jail-prisoner-305
Photo: RFA

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ဒီကနေ့ လွှတ်ပေးလိုက်တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီက တင်ပြထားတဲ့ အကျဉ်းသား ငါးဦးပါဝင်တယ်လို့ သိရပါတယ်။

ဒီအကျဉ်းသားငါးဦးဟာ နိုင်ငံတော် သမ္မတရုံးရဲ့ အမိန့်အမှတ် (၅၁/၂၀၁၃) နဲ့ လွတ်ငြိမ်းခွင့် ပေးခဲ့တဲ့ပြစ်မှုတွေနဲ့ အကျုံးမဝင်ပေမဲ့လည်း သူတို့အရေးယူခံရတဲ့ ပြစ်မှုတွေကို ကော်မတီကစိစစ်ပြီး ထောက်ခံတင်ပြခဲ့တဲ့အတွက် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာလို့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

" ဥပဒေ ၇ ခုနဲ့ ငြိစွန်းတဲ့သူတွေပေါ့၊ ပြစ်ဒဏ်ကျခံတဲ့သူတွေပဲဖြစ်ဖြစ် ကြားနာစစ်ဆေးခံတဲ့ သူတွေပဲဖြစ်ဖြစ်၊ စုံစမ်းအရေးယူဆဲ ခံနေတဲ့သူပဲဖြစ်ဖြစ် အားလုံးကို ကျွန်တော်တို့က ပြစ်ဒဏ်ကနေ ပယ်ဖျက်လိုက်တဲ့ သဘောပါပဲ၊ ဒါပေမယ့် အဲ့လို ပယ်ဖျက်လိုက်တဲ့ အခါမှာ အဲ့လို ပုဒ်မတွေနဲ့ ငြိနေပါလျက်နဲ့ တဖက်မှာ တခြားပုဒ်မတွေနဲ့ ငြိနေတဲ့ သူတွေ ကျန်သေးတယ်၊ ကျန်တဲ့ထဲကကိုမှ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကနေမှ ၅ ယောက်ကတော့ စေလွှတ်ပေးသင့်ပါတယ်လို့ ထောက်ခံတင်ပြတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့ သမ္မတကြီးက သီးခြား ညွှန်ကြားချက်နဲ့ ထပ်ပြီးတော့မှ ပြစ်ဒဏ် ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တာဖြစ်ပါတယ်"

သူတို့ငါးဦးထဲမှာ ကချင်စစ်ပွဲတွေ ရပ်တန့်ရေးအတွက် လိုင်ဇာကို လမ်းလျောက်ဆန္ဒပြခဲ့လို့ ပုဒ်မ ၁၈ နဲ့ အရေးယူခံခဲ့ရသူ  ကိုရန်နိုင်ထွန်းနဲ့ ကိုအောင်မင်းနိုင်၊ ရှမ်းပြည်တပ်မတော် SSA အဖွဲ့က နိုင်ငံတော် ပုန်ကန်မှု လူသတ်မှုတွေနဲ့ အကျဉ်းကျခဲ့တဲ့ အိုက်ပန်၊  ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO က ကိုရဲမင်းနဲ့ ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အကျဉ်းကျခဲ့တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက ကိုစန်းထွေးတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှမရှိစေရဘူးဆိုပြီး နိုင်ငံတကာကို ကတိပြုခဲ့တဲ့အတိုင်း သမ္မတရုံးက ဒီဇင်ဘာလ ၃ဝ၊ မနေ့က ရက်စွဲနဲ့ လွတ်ငြိမ်းချမ်းသာခွင့်တစ်ရပ် ထုတ်ပြန်ကြေညာခဲ့တာပါ။

ဒီအမိန့်အရ မတရားအသင်း အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ ၁၂၄ (က)၊ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူတွေရဲ့ အန္တရာယ်က ကာကွယ်တဲ့ဥပဒေ၊ စီတန်းလှည့်လည်ခွင့် ဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅ဝ၅ (ခ) နဲ့၊ အရေးပေါ်စီမံမှု ဥပဒေတွေအရ ပြစ်ဒဏ်ကျခံနေရသူတွေ၊ ကြားနာစစ်ဆေးဆဲအမှုတွေကို ပိတ်သိမ်းပြီး ချက်ခြင်းပြန်လွှတ်ပေးဖို့၊ စုံစမ်းအရေးယူဆဲအမှုတွေကို ဆက်ပြီးအရေးမယူဘဲ ပိတ်သိမ်းဖို့ အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ဒေါ်ခင်ခင်အိ ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။