ဦးချစ်ခိုင်ကို စစ်ကောင်စီက ဖမ်းဆီးထား

2022.04.26
ဦးချစ်ခိုင်ကို စစ်ကောင်စီက ဖမ်းဆီးထား မြန်မာ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ ဦးချစ်ခိုင်ကို တွေ့ရစဉ်
ဓာတ်ပုံ - ဦးချစ်ခိုင် - Facebook

ပြည်တွင်း ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဦးချစ်ခိုင်ကို စစ်ကောင်စီက ဧပြီလ ၂၅ ရက် မနေ့ကညပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြည်ပခရီးစဉ်တစ်ခုက ပြန်လာပြီးနောက် ရန်ကုန်မြို့မှာ အဖမ်းခံလိုက်ရတာဖြစ်ပြီး အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

ဒီမတိုင်ခင်ကတည်းက စစ်ကောင်စီဟာ ဦးချစ်ခိုင်ကို စောင့်ကြည့်နေခဲ့တယ်လို့ အဲဒီ နီးစပ်သူက ပြောပါတယ်။

ဦးချစ်ခိုင်ကို ဘာကြောင့်ဖမ်းဆီးရတယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။

ဦးချစ်ခိုင်ဟာ Eden Group of Companies ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ဆောက်လုပ်ရေး၊ ဟိုတယ် လုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ ဘဏ်လုပ်ငန်းတွေ လုပ်ကိုင်နေသူဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေထဲက လူသိများတဲ့ နေပြည်တော်နဲ့ ငပလီက Hilton ဟိုတယ်အပါအဝင် မန္တလေး၊ ပုဂံ၊ အင်းလေးတို့က သင်္ဂဟဟိုတယ်နဲ့ ဟိုတယ်လုပ်ငန်းတွေ၊ Eden ဆောက် လုပ်ရေး၊ မြန်မာ့စိုက်ပျိုးရေး အများပိုင်ကော်ပိုရေးရှင်း (MAPCO) တို့ကိုလည်း လုပ်ကိုင် နေသူပါ။

သူဟာ ၂၀၁၀ ပြည့်နှစ်မှာ Denko Trading ကုမ္ပဏီကို လုပ်ကိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ကို တည်ထောင်ခဲ့ပါတယ်။

ဦးချစ်ခိုင်ရဲ့ Eden ဆောက်လုပ်ရေးဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေလက်ထက် နေပြည်တော်ကို တည်ဆောက်စဉ်က ပါဝင်ခဲ့ဖူးတဲ့ ကုမ္ပဏီတစ်ခုဖြစ်သလို ဒေါ်အောင်ဆန်း စုကြည် လက်ထက်မှာလည်း ကိုဗစ်ကာကွယ်ဆေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းကို ဦးချစ်ခိုင်က လှူဒါန်းခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။