တရုတ်-မြန်မာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ရှိနေ

တရုတ်နဲ့ မြန်မာ စစ်ကောင်စီတို့အကြား နှစ်နိုင်ငံ တပ်မတော် ပူးပေါင်းဆောင်ရွက်မဲ့အခြေအနေကို ဒုတိယစစ်ခေါင်းဆောင်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တရုတ်သံအမတ်ကြီး မစ္စမာကျားတို့ ဆွေးနွေးကြပါတယ်။

စစ်ကောင်စီ၏ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တရုတ်သံအမတ်ကြီး မစ္စမာကျားတို့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဥ်။ Myanmar Military

တရုတ်နဲ့ မြန်မာ စစ်ကောင်စီတို့အကြား နှစ်နိုင်ငံ တပ်မတော် ပူးပေါင်းဆောင်ရွက်မဲ့အခြေအနေကို ဒုတိယစစ်ခေါင်းဆောင်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တရုတ်သံအမတ်ကြီး မစ္စမာကျားတို့ အောက်တိုဘာ ၂၅ ရက်နေ့က ဆွေးနွေးကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မနေ့က တွေ့ဆုံမှုမှာ တပ်မတော်နှစ်ရပ်အကြား နည်းပညာ၊ သတင်းအချက်အလက် အပါအဝင် နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြတယ်လို့ဆိုပေမဲ့ စစ်ကောင်စီဘက်က အသေးစိတ် ထုတ်ပြန်ထားတာ မရှိပါဘူး။

ဒီ့အပြင် နယ်စပ်ဒေသ တည်ငြိမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေလည်း ဆွေးနွေးမှုမှာ ပါဝင်ပါတယ်။

နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပြင်းထန်လာပြီး စစ်ကောင်စီက လေကြောင်းထိုးစစ်တွေ လုပ်နေချိန်မှာပဲ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံတပ်မတော် ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ စီစဥ်နေတာ ဖြစ်ပါတယ်။

နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးမှာ တရုတ်ဘက်က သူတို့ရဲ့ဂြိုဟ်တု အင်တာနက်ဆက်သွယ်ရေး အသုံးပြုခွင့် ပေးလာနိုင်တယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်သူ CDM ဗိုလ်ကြီး ဇင်ယော်က RFA ကို ပြောပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တပ်တည်၊ တပ်လှုပ် အချက်အလက်တွေ ပေါက်ကြားလာနိုင်ပါတယ်။ နည်းပညာမြင့်တဲ့အနေအထားကို ရောက်လာတဲ့အခြေအနေမှာ ရှိပါတယ်။ ဆက်သွယ်ရေး နည်းပညာပိုင်းမှာ တရုတ်ဘက်က ပံ့ပိုးပေးလာရင် တော်လှန်ရေးတပ်ဖွဲ့တွေအတွက် အခက်အခဲ ကြုံလာနိုင်ပါတယ်”

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း တရုတ်က စစ်ကောင်စီကို ရဲလုပ်ငန်းဆိုင်ရာတွေမှာ အသုံးပြုဖို့ ယွမ်ငါးသန်း တန်ဖိုးရှိတဲ့ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org