တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံထားရ
ရွှေလီမြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၈ ဦး ဖမ်းဆီးခံထားရပြီး ဒီဇင်ဘာ ၂၄ ရက် ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ ဖမ်ဆီးခံရသူတွေရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
-
RFA Burmese
2024-12-24 -
-
-
တရုတ်နိုင်ငံ ရွှေလီမြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံထားရပြီး ဒီဇင်ဘာလ ၂၄ ရက် ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ ဖမ်ဆီးခံရသူတွေရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
သူတို့ဟာ ပွဲစားတွေရဲ့ ဦးဆောင်မှုနဲ့ တရုတ်-မြန်မာနယ်စပ်ကိုဖြတ်ပြီး ဝင်ရောက်လာချိန် ဒီဇင်ဘာလ ၁၇ ရက် နေ့မှာ ရွှေလီမြို့ နောင်တောင်ဝ်းရွာအနီးမှာ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသားလေးဦး၊ အမျိုးသမီး ၁၄ ဦးပါဝင်ပြီး ရွှေလီရဲစခန်းကို ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် အဆက်သွယ်မရတော့ဘူးလို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်မ အမျိုးသား အဖမ်းခံရတာ။ ပွဲစားက အခုဖုန်းလည်း ဘလော့သွားပြီး။ ဘယ်မှာမှလည်း အဆက်အသွယ် မရတော့ဘူး။ အတော်ဒုက္ခရောက်နေကြပြီ”
ဖမ်းဆီးခံရသူတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့က အမျိုးသားတစ်ဦး ပါဝင်ပြီး ကျန်တဲ့သူတွေက ဧရာ၀တီတိုင်းကနေ လာရောက်ကြသူတွေလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ ရွှေလီက မြန်မာနိုင်ငံကောင် စစ်ဝန်ရုံး တာဝန်ရှိသူတွေကို RFA က ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်ပါတယ်။
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာတော့ မြန်မာနိုင်ငံဒေသ အသီးသီးကနေ တရုတ်နိုင်ငံဘက်ကဘက်ကို အလုပ်သွားလုပ်မဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော် နယ်စပ်မှာ စောင့်ဆိုင်းနေကြပြီး တရုတ်နိုင်ငံဘက်ကလည်း တရားမဝင် ဝင်ရောက်လာသူတွေကို မကြာခဏ ဖမ်းဆီးနေတာတွေ ရှိတယ်လို့ မူဆယ်အခြေစိုက် အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။