လက်နက်ကိုင်တပ် ထိန်းချုပ်တဲ့ နယ်စပ်ဂိတ်တွေ တင်းကျပ်ဖို့ စစ်ကောင်စီနဲ့ တရုတ် ဆွေးနွေး

RFA Burmese
2024.11.23
လက်နက်ကိုင်တပ် ထိန်းချုပ်တဲ့ နယ်စပ်ဂိတ်တွေ တင်းကျပ်ဖို့ စစ်ကောင်စီနဲ့ တရုတ် ဆွေးနွေး တရုတ်-မြန်မာနယ်စပ် မူဆယ် (မန့်ဝိန်း) ဂိတ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။
Screenshot: Citizen Video

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေမှာ လုံခြုံရေး အထူးတင်းကျပ်ဖို့ စစ်ကောင်စီရဲ့ လဝက ဝန်ကြီး ဦးမြင့်ကြိုင်နဲ့ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Xu Ganlu တို့ တွေ့ဆုံတယ်လို့ စစ်ကောင်စီ ထိန်းချုပ်တဲ့ သတင်းစာတွေက နိုဝင်ဘာလ ၂၃ ရက် ဒီနေ့ ဖော်ပြပါတယ်။

အဲဒီဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၂ ရက်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ လုပ်ခဲ့တာဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ရေးနဲ့ နယ်မြေတည်ငြိမ်ရေး အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမတိုင်ခင် စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဦးမြင့်ကြိုင်ဟာ တရုတ်-မြန်မာ နယ်စပ်ကိုသွားရောက်ချိန် တည်ငြိမ်အေးချမ်းမှ နယ်စပ်ဂိတ်ပြန်ဖွင့်မယ်လို့ ယူနန်အာဏာပိုင်တွေကို ပြောခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ ဂိတ်ကနေ ပြောင်း အပါအဝင် ရာသီပေါ် သီးနှံတင်ပို့ခွင့်ကို တရုတ်ဘက်က ခွင့်ပြုပေးပြီးနောက် စစ်ကောင်စီဝန်ကြီးက တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ ချင်းရွှေဟော်၊ မုံးကိုး၊ လောက်ကိုင်နဲ့ ကြူကုတ်(ပန်ဆိုင်း) စတဲ့နယ်စပ်ဂိတ်တွေကို ကိုးကန့်တပ်မတော် (MNDAA) က ထိန်းချုပ်ထားပါတယ်။

ကချင်ပြည်နယ်ထဲမှာတော့ အကြီးဆုံး နယ်စပ်ဂိတ်တွေဖြစ်တဲ့ လွယ်ဂျယ်နဲ့ ကန်ပိုက်တီအပြင် တစ်နိုင်တစ်ပိုင် ကုန်သွယ်နေတဲ့ ကန်ဖန်၊ ဖီမော်၊ စဂျီ၊ ပန်ဝါ၊ ခါရှန်၊ ပါဂျောင်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ မံဝိန်းကြီး စတဲ့ နယ်စပ်ဂိတ်ပေါက် အားလုံးကို KIA က ထိန်းချုပ်ထားပါတယ်။

ရှမ်းနဲ့ ကချင်မှာ ဖြစ်နေတဲ့တိုက်ပွဲတွေ ရပ်တန့်ဖို့ ဖိအားပေတဲ့အနေနဲ့ နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းသယ်ယူခွင့်ကို တရုတ်ဘက်က ကန့်သတ်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။