ပဋိပက္ခကြောင့် ၂၀၂၄ မှာ မြန်မာကလေး ၇၅၀ ကျော် သေဆုံးဒဏ်ရာရ

လက်နက်ကိုင် ပဋိပက္ခအရှိန် မြင့်တဲ့အတွက် ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံ တစ်ဝန်းလုံးက ကလေး ၇၅၀ ကျော် သေဆုံး ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရတယ်လို့ UNICEF က အစီရင်ခံပါတယ်။

ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးတွင် စစ်တိုက်လေယာဉ်တစ်စင်း ပျံဝဲနေသည့်အတွက် ပုန်းရှောင်နေသည့် ကလေးတချို့အား ၂၀၂၃ ဇန်နဝါရီလ ၁၀ ရက်နေ့ကတွေ့ရစဉ်။ Union of Karenni State Youth

လက်နက်ကိုင် ပဋိပက္ခအရှိန် မြင့်တဲ့အတွက် ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံ တစ်ဝန်းလုံးက ကလေး ၇၅၀ ကျော် သေဆုံး ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က အစီရင်ခံပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက စတင်လာတဲ့ ပဋိပက္ခက အရပ်သားတွေ၊ အထူးသဖြင့် ကလေးတွေအပေါ် အကြီးအကျယ် သက်ရောက်ပြီး အခြေအနေအရပ်ရပ်ကလည်း တိုးတက်မဲ့လက္ခဏာ မပြသဘူးလို့ ဆိုပါတယ်။

၂၀၂၄ ဟာ အကြမ်းဖက်မှုပိုများပြီး လူသားချင်းစာနာမှု အခြေအနေတွေက အထူးသဖြင့် ကလေးတွေ မချိမဆံ့ ခံစားရတဲ့နှစ်လို့ UNICEF ဘန်ကောက်ရုံးက ဇန်နဝါရီ ၁၀ ရက်က ပြောပါတယ်။

ဗုံးကြဲတာနဲ့ လေကြောင်းက တိုက်ခိုက်တာ အပါအဝင် တိုက်ပွဲတွေ ပြင်းထန်တဲ့ ရလဒ်အဖြစ် ကလေးတွေ သေဆုံး၊ ဒဏ်ရာရကြတာလို့ ပြောပါတယ်။

ပျှမ်းမျှအားဖြင့် တစ်နေ့ကို ကလေးနှစ်ဦးကျော် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရတယ်လို့ ပြောပါတယ်။

၂၀၂၄ ဇန်နဝါရီက စက်တင်ဘာအထိ ကလေးအယောက် ၂၅၀ ထက်မနည်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ အန္တရာယ် ကြုံရတယ်လို့လည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံက ကလေး ခြောက်သန်းခန့်ဟာ ဆိုးဝါးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အတော်များများဟာ ကြောက်ကြောက်လန့်လန့်၊ မသေချာ မရေရာဘဲ ဆင်းဆင်းရဲရဲ နေထိုင်နေရတယ်လို့ UNICEF အစီရင်ခံစာက ဖော်ပြပါတယ်။

ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် လူ သုံးသန်းခွဲကျော် နေရပ်ကနေ စွန့်ခွာရပြီး ဒီထဲ သုံးပုံတစ်ပုံက ကလေးတွေဖြစ်ပါတယ်။

နေရပ်ရွှေ့ပြောင်းရတဲ့ မိသားစုတွေနဲ့ ကလေးတွေဟာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရိက္ခာ၊ နေထိုင်စရာနဲ့ သန့်ရှင်းတဲ့ရေ မရကြဘူးလို့လည်း ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org