ချောင်းဆုံမဲဆန္ဒနယ်မှာ ဒေသခံကို လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ပေးဖို့ တောင်းဆို
2016.11.30

လစ်လပ်မဲဆန္ဒနယ်တွေထဲက မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဒေသခံကို မရွေးချယ်လို့ဆိုပြီး ချောင်းဆုံမြို့နယ် ဒေသခံ ၁၀၀ ကျော်က ဒီနေ့ မော်လမြိုင်မြို့မှာ ဆန္ဒပြကြပါတယ်။
မြို့နယ်လူထုနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က ဦးစားပေးရွေးချယ်ပေးလိုက်တဲ့ ဒေသခံကို မရွေးချယ်တဲ့အတွက် ကိုယ်စားလှယ်လောင်းကို ပြန်လည်ရွေးချယ်ပေးဖို့ တောင်းဆိုတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူ ဦးစံခင် က ပြောပါတယ်။
"မြို့နယ် EC က ပြည်သူနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့အတွက် အဓိကသုံးသပ်ပြီးတော့ ရွေး ချယ်လိုက်တဲ့ နံပါတ် ၁ ကိုယ်စားလှယ်ကို ပြည်နယ်ကနေပြီးတော့ မယူဘဲနဲ့ နယ်ခံမဟုတ်တဲ့ မော်လမြိုင်သား တစ်ယောက် နံပါတ် ၂ အဆင့်မှာရထားတဲ့ လူတစ်ယောက်ကို ဦးတို့မြို့နယ်မှာ သူကကိုယ်စားလှယ်လောင်း အဖြစ် ပို့လိုက်တယ်၊ အဲဒါကို ဦးတို့ကနေ မကျေနပ်ဘူး၊ ပြန်ပြီးတော့တောင်းဆိုတာပါ"
လစ်လပ်မဲဆန္ဒနယ်တွေအတွက် သက်ဆိုင်ရာ မြို့နယ်ပါတီတာဝန်ရှိသူတွေက လျာထားတဲ့ ကိုယ်စားလှယ်လောင်း ၃ ဦးကို ပါတီဗဟိုထံ တင်ပြပေးရ တာဖြစ်ပါတယ်။
ချောင်းဆုံမြို့နယ် အလုပ်အမှုဆောင်အဖွ့ဲက ချောင်းဆုံမြို့ခံ ဦးစောလင်းအောင် ကို ပထမ ဦးစားပေးအနေနဲ့ ရွေးချယ် တင်ပြလိုက်တာဖြစ်ပြီး ဒုတိယဦးစားပေးအနေနဲ့ မော်လမြိုင်မြို့ခံ ဦးအေးဝင်း ဆိုသူ ကို ရွေးချယ်တင်ပြခဲ့တာဖြစ် တယ်လို့ သိရပါတယ်။
ပါတီဗဟိုက အရည်အချင်းရှိတဲ့သူ နိုင်ငံရေးသမိုင်းရှိတဲ့လူကို ရွေးချယ်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးငွေမြင့် က ပြောပါတယ်။
"မြို့နယ်က တင်ပေးတဲ့အတိုင်း လုပ်ရမှာမှမဟုတ်ဘဲ၊ ဒါဆို ဗဟိုဆိုတာ အလကားဖြစ်သွားမှာပေါ့၊ မြို့နယ် က ရွေးချယ်တယ်ဆိုပေမယ့်လည်း ဗဟိုကပြန်ကြည့်တာပေါ့၊ ဘယ်သူက ဘယ်လောက်အရည်အချင်းရှိတယ်၊ ဗဟိုက သေချာသုံးသပ်ပြီးတော့မှ ရွေးတာလေ၊ အခုအရွေးခံရတဲ့လူက ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ထဲက ဘဏ္ဍာရေးမှူးပဲ၊ အရေးအခင်းတုန်းက တလျှေက်လုံးပါတီအတွက် လုပ်ခဲ့တဲ့လူတွေပဲ၊ သူတို့ရွေးတင်လိုက်တဲ့လူ က ဘာမှသမိုင်းအစဉ်အလာလည်း မရှိပါဘူး၊ ဗဟိုကလည်း သင့်တော်တဲ့လူကိုရွေးတာလေ၊ သူတို့ဆန္ဒပြတာ သူတို့မှားတာပေါ့"
ဆန္ဒပြသူတွေထဲမှာ ချောင်းဆုံမြို့နယ်က အန်အယ်လ်ဒီပါတီဝင်တချို့လည်း ပါဝင်ပါတယ်။
ဆန္ဒပြသူတွေဟာ မော်လမြိုင်မြို့ ကမ်းနားလမ်း ရာမညတံတားကနေ ပြည်နယ် အန်အယ်လ်ဒီ ပါတီရုံးရှေ့အထိ လမ်းလျှောက်တောင်းဆိုကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါ်ခင်ဌေးကြွယ် က ရွေးချယ် ခံခဲ့ရပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရတာကြောင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ နှုတ်ထွက်ရတာဖြစ်ပါတယ်။
မွန်ပြည်နယ်မှာ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်နေရာသာ လစ်လပ်နေ တာဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ချောင်းဆုံမြို့နယ် ကိုယ်စားလှယ်လောင်းနေရာမှာ ဒေသခံမွန်တိုင်းရင်းသားကို ရွေးချယ်ပေးဖို့နဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ပပျောက်ဖို့ တို့ကို တောင်းဆိုခဲ့ကြပါတယ်။