ငြိမ်းချမ်းရေးလုပ်ငန်းစိန်ခေါ်မှု TBC နယ်စပ်အဖွဲ့က ထောက်ပြ


2013.11.01

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အဓိကစိန်ခေါ်မှုတစ်ခုဟာ ဒေသအဆင့် အစိုးရအဖွဲ့အစည်းတွေအပေါ် အများစုက ယုံကြည်မှုကင်းမဲ့နေတဲ့အချက်ပဲဖြစ်တယ်လို့ TBC ခေါ် နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့က ဝေဖန်ထောက်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကျေးလက်ဒေသက ဆင်းရဲမွဲတေမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှု၊ ဒေသန္တရအုပ်ချုပ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ လေ့လာဆန်းစစ်ထားတဲ့ အစီရင်ခံစာတစ်စောင်ကို TBC အဖွဲ့က ဒီကနေ့ထုတ်ပြန်လိုက်တာပါ။

အရပ်ဘက်လူမှုအဖွဲ့ အစည်း ၁၁ ဖွဲ့နဲ့ ပူးပေါင်းပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုက ကျေးရွာပေါင်း ၂၀၀ ကျော်မှာ ကောက်ယူခဲ့တဲ့စစ်တမ်းတွေကို အခြေခံပြီး ဒီအစီရင်ခံစာကို ပြုစုခဲ့တာလို့ TBC အဖွဲ့က ပြောပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေဟာ ထိလွယ်ရှလွယ်ဖြစ်နေပြီး ပဋိပက္ခဒေသတွေမှာ တိကျတဲ့စည်းမျဉ်းဥပဒေမရှိဘဲ စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေ လုပ်နေတာတွေကြောင့် ဒေသခံတွေ ထိခိုက်နစ်နာနိုင်တဲ့ အခြေအနေတွေကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ တိုင်းရင်းသားတွေရဲ့ သီးခြားဝိသေသလက္ခဏာတွေ၊ လုံခြုံရေးနဲ့ တရားမျှတမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို နားလည်သဘောပေါက်ပြီး ပွင့်လင်းမြင်သာတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သစ်ပေါ်ပေါက်ဖို့ လိုအပ်နေပြီလို့လည်း TBC အဖွဲ့ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။