CDM ဝန်ထမ်းတွေကို အမည်ပျက်စာရင်း ပယ်ဖျက်ပေးမယ်လို့ စစ်ကောင်စီပြော

စစ်အာဏာသိမ်းမှုနောက်ပိုင်း CDM မှာ ပါဝင်တာကြောင့် အမည်ပျက်စာရင်း (Black List) သွင်းထားသူတွေကို စာရင်းကပယ်ဖျက်ပြီး ဖြေလျှော့ပေးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့မှ ကျန်းမာရေးဝန်ထမ်းများ၏ CDM အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တာကြောင့် အမည်ပျက်စာရင်း (Black List) သွင်းထားသူတွေကို စာရင်းကပယ်ဖျက်ပြီး ဖြေလျှော့ပေးမယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဝန်ထမ်းတွေဟာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့အတွက် လူသားအရင်းအမြစ် ဆုံးရှုံးတဲ့အပြင် ကာယကံရှင်တွေရဲ့ လူမှုဘဝလည်း နစ်နာရတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ဒါကြောင့် အကြောင်းအရာပေါ်မူတည်ပြီး အမည်ပျက်စာရင်းကနေ ပယ်ဖျက်နိုင်ဖို့အတွက် CDM ဝန်ထမ်းတွေ သက်ဆိုင်ရာဌာနတွေကို ဇူလိုင် ၁၅ ရက်နေ့ကစပြီး ပြန်လည်သတင်းပို့နိုင်ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာ့လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနကနေ CDM လုပ်လာသူတစ်ဦးကတော့ စစ်အာဏာရှင်လက်အောက်ကို ပြန်မသွားဘူးလို့ RFA ကို ပြောပါတယ်။

“သူတို့ကိုမကြိုက်လို့ ဆန့်ကျင်ထားတာလေ။ သူတို့လက်အောက်ကို ဘာလို့ ပြန်ဝင်မှာလဲ။ စိတ်တောင် မကူးဘူး”

စစ်ကောင်စီဟာ CDM ဝန်ထမ်းတွေကို နည်းအမျိုးမျိုးနဲ့ တင်းကျပ်ခဲ့ပြီး လေဆိပ်မှာ ထွက်ခွာမဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးတာ၊ နိုင်ငံကူးလက်မှတ် ထုတ်မပေးတာ၊ CDM ဝန်ထမ်းတွေကို အလုပ်ခန့်ထားတယ်ဆိုပြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေကို ပိတ်သိမ်းခိုင်းတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

ပြန်လည်ဖြေလျှော့တာတွေရှိလာပေမဲ့ စစ်ကောင်စီကို ယုံကြည်မှုမရှိတာကြောင့် CDM ဝန်ထမ်းတွေ ပြန်လည်ကူးပြောင်းသွားနိုင်ဖွယ် မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီအနေနဲ့ လုံးဝ အပြီးသတ်ဆုံးရှုံးဖို့က သွားနေပြီ။ အခုအချိန်မှာတောင် မပြောနဲ့၊ အရင်အချိန်ကတောင် ပြန်လှည့်မကြည့်ခဲ့တဲ့ဟာကို အခုဘယ်သူမှလည်း ပြန်သွားမှာမဟုတ်ဘူး။ သူတို့အပေါ်မှာ ယုံကြည်မှုနဲ့ ပြန်ပြီးကူးပြောင်းသွားမှာ လုံးဝရှိမှာ မဟုတ်ဘူး”

စစ်တပ်အာဏာသိမ်းမှု မလိုလားတဲ့ ဝန်ကြီးဌာနအသီးသီးက ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပြီး လက်ရှိအချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ စာရင်းသွင်းထားတဲ့ CDM ဝန်ထမ်း လေးသိန်းကျော်ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org