ကျန်းမာရေးကောင်စီမှာ CDM တွေပါဝင်ဖို့ TNLA တိုက်တွန်း
တအာင်းပြည် ကျန်းမာရေးကောင်စီမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်ဖို့တိုက်တွန်းပါတယ်။
-
RFA Burmese
2024-08-26 -
-
-
တအာင်းပြည် ကျန်းမာရေးကောင်စီမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်ဖို့တိုက်တွန်းတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဩဂုတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
TNLA က ဩဂုတ်လ ၂၅ ရက်နေ့မှာ တအာင်းပြည် ကျန်းမာရေးကောင်စီကို ကောင်စီဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး အများစုဟာ CDM ကျန်းမာရေးပညာရှင်တွေနဲ့ ပြင်ပကျန်းမာရေးပညာရှင်တွေ ပါဝင်ပါတယ်။
ဒါ့ကြောင့် နိုင်ငံတစ်ဝန်းက CDM ကျန်းမာရေးဝန်ထမ်းတွေ၊ ပြင်ပကျန်းမာရေးပညာရှင်တွေ၊ သူနာပြုနဲ့ သားဖွားဆရာမတွေ၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန် ပညာရှင်တွေ စတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တအာင်းပြည် ကျန်းမာရေးကောင်စီနဲ့အတူ လာရောက်ပူးပေါင်းနိုင်တယ် လို့လည်းဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ကျန်းမာရေး ဝန်ထမ်းတစ်ဦးကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ကျန်းမာရေးအဖွဲ့ ဖိတ်ခေါ်ချက်တွေမှာ ပါဝင်သွားမယ်လို့ ဆိုပါတယ်။
"စကစ(စစ်ကောင်စီ) လက်အောက်မဟုတ်ရင် ပြီးရောပေါ့။ MNDAA ပဲဖြစ်ဖြစ် TNLA ပဲဖြစ်ဖြစ် သူတို့ဖွဲ့ထားတဲ့ ကျန်းမာရေး အဖွဲ့တွေမှာ ပါဝင်သွားမယ်။ ပိုပြီးတော့ အားဖြည့်သွားရမယ်။ ဒါမှပဲ ပန်းတိုင်က မြန်မြန်ရောက်မှာပေါ့”
ပြီးခဲ့တဲ့ မတ်လအတွင်း တအာင်းတပ်မတော် (TNLA) က ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့က ပြည်သူ့ဆေးရုံကို CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ လည်ပတ်နေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး လက်ရှိအချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ စာရင်းသွင်းထားတဲ့ CDM ဝန်ထမ်း လေးသိန်းကျော် ရှိပါတယ်။