ကာဒီနယ် ရဟန်းအမတ်ကြီး ခရစ်စမတ် သဝဏ်လွှာ ထုတ်ပြန်
2015.12.24

မြန်မာပြည်သူပြည်သားတွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးအတွက် ဆောင်ရွက်ကြဖို့ မြန်မာပြည်ရဲ့ ပထမဆုံး ကာဒီနယ် ရဟန်းအမတ်ဖြစ်တဲ့ ဘုန်းတော်ကြီး ချားလ်စ် မောင်ဘိုက ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ သူ့ရဲ့ ခရစ်စမတ်နှုတ်ခွန်းဆက်စကားထဲမှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။
အခုအချိန်ကာလဟာ မြန်မာပြည်အတွက် ထူးခြားကောင်းမြတ်တဲ့ကာလဖြစ်ပြီး အမျိုးသား ရင်ကြားစေ့ရေး ကို ဆောင်ရွက်နေချိန်မှာ အတိတ်ကအမှောင်ဖုံးခဲ့တာတွေ၊ အမုန်းတရားတွေကို မေ့ပစ်ပြီး ယေရှုခရစ်ရဲ့ ငြိမ်းချမ်းရေးသတင်းစကားကို အထမြောက်အောင် ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။
စစ်ပွဲတွေမရှိတဲ့ နိုင်ငံတော်ကိုတည်ဆောက်ဖို့ဟာ ကျနော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်။ ကျနော်တို့ဟာ စိတ်ကောင်းစေတနာကောင်းတွေနဲ့ အဲ့ဒီတာဝန်ကို ထမ်းဆောင်နိုင်မှာဖြစ်ပြီး ထမ်းဆောင်ကြမှာ လည်း ဖြစ်ပါတယ။် ငြိမ်းချမ်းရေးဟာ စာရွက်ပေါ်မှာပဲ တည်ဆောက်လို့မရပါဘူး။ စိတ်ကောင်းစေတနာနဲ့ ရိုးသားဖြူစင်တဲ့ နှလုံးသားတွေနဲ့သာ ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။
အထွေထွေရွေးကောက်ပွဲမှာ မြန်မာပြည်သူ ပြည်သားတွေ ငြိမ်းချမ်းစွာပူးပေါင်းဆင်နွဲခဲ့တဲ့အတွက် ဂုဏ်ယူကြောင်း လည်း ဘုန်းတော်ကြီး ချားလ်စ်မောင်ဘိုက ပြောပါတယ်။
ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဘုန်းတော်ကြီးက ဘာသာတရားရဲ့ ကောင်းမြတ်မှု ဆိုတာဟာ မတူကွဲပြားတဲ့ယုံကြည်မှုတွေ ဘာသာတရားတွေနဲ့ အတူတကွ သဟဇာတ ဖြစ်အောင် နေနိုင် စွမ်းပဲဖြစ်ပါတယ်လို့ သူ့ရဲ့ နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပြည်တွင်းစစ်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ နှစ်ပေါင်း ၆ဝ အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ ပြည်သူ တွေအတွက် စိုးရိမ်စိတ်မကောင်းဖြစ်ရကြောင်းနဲ့ အစိုးရက ဦးဆောင်ပြီး ဒီပြသနာတွေကို အဖြေရှာကြဖို့လည်း ဘုန်းတော်ကြီး က တိုက်တွန်းထားပါတယ်။