ဖမ်းဆီးထားတဲ့ လုပ်ငန်းရှင်တချို့ကို စစ်ကောင်စီပြန်လွှတ်

RFA Burmese
2025.04.12
ဖမ်းဆီးထားတဲ့ လုပ်ငန်းရှင်တချို့ကို စစ်ကောင်စီပြန်လွှတ် ဦးချစ်ခိုင်အား ၂၀၂၀ ခုနှစ် ဇန်နဝါရီလက တွေ့ရစဉ်။
UAB

ဧဒင်ဦးချစ်ခိုင်အပါအဝင် ဖမ်းဆီးထားတဲ့ လုပ်ငန်းရှင် ၁၇ ဦးထက်မနည်းကို စစ်ကောင်စီက ဧပြီလ ၁၂ ရက်မှာ ပြန်လွှတ်လိုက်တယ်လို့ ပြန်လွတ်လာသူတွေနဲ့ နီးစပ်သူတွေက RFA ကို အတည်ပြုပြောဆိုပါတယ်။

ဦးချစ်ခိုင်အပြင် ဇေကမ္ဘာ ဦးခင်ရွှေရဲ့သားဖြစ်သူ ဦးဇေသီဟနဲ့ နောက်ထပ် စားအုန်းဆီလုပ်ငန်းရှင် ၁၅ ဦးကို ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီက ဘာကြောင့် အခုလို လွှတ်ပေးခဲ့တာလဲ ဆိုတာမသိရသေးပါဘူး။

DENKO ဆီဆိုင်နဲ့ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ပိုင်ရှင် ဦးချစ်ခိုင်ဟာ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက် ရက်မှာ ဖမ်းဆီးခံလိုက်ရပြီး တီကျဏ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အား ပေးစက်ရုံ လုပ်ငန်းနဲ့ ဆက်စပ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့အမှုဖွင့်ကာ အိုးဘိုထောင်မှာ ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံထားရတာပါ။

ဦးဇေသီဟကိုတော့ သူ့ရဲဖခင်ဖြစ်သူ ဇေကမ္ဘာ ဦးခင်ရွှေ နဲ့အတူ ခွင့်ပြုချက်မရဘဲ ရှေးဟောင်းအဆောက်အအုံတချို့ကို ဖြိုချခဲ့လို့ဆိုပြီး ရှေးဟောင်း ဥပဒေပုဒ်မ - ၂၄ နဲ့ ထောင်ချခုနစ်နှစ်ချခဲ့တာပါ။ ဇေကမ္ဘာ ဦးခင်ရွှေကို တော့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ပြန် လွှတ်ပေးခဲ့ပါတယ်။

ဒီအပြင် စားအုန်းဆီလုပ်ငန်းရှင်တချို့ကိုလည်း ၂၀၂၃ ခုနှစ်မှာ ကုန်စျေးနှုန်းကြီးမြင့်မှုတွေဖြစ်လာချိန်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မန္တလေးမြို့မှာ ဖမ်းဆီးခံထားရတဲ့ ရွှေလုပ်ငန်းရှင်တချို့ကတော့ ပြန်မလွတ်လာသေးဘူးလို့ ဖမ်းဆီးခံထားရတဲ့ ရွှေလုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။