မြောင်မြို့နယ် ပန်းညိုရွာ မီးရှို့ခံရပြီး ဒေသခံသုံးထောင်ခန့် ထွက်ပြေးနေရ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာကို စစ်ကောင်စီတပ်က မတ်လ ၁၂ ရက်နဲ့ ၁၃ ရက် မီးရှို့ဖျက်ဆီးသွားပြီး အနီးတစ်၀ိုက်ရွာတွေကိုလည်း စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ သုံးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
-
RFA Burmese
2025-03-14 -
-
-
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာကို စစ်ကောင်စီတပ်က မတ်လ ၁၂ ရက်နဲ့ ၁၃ ရက် နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးသွားပြီး အနီးတစ်၀ိုက်ရွာတွေကိုလည်း စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ သုံးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက မတ်လ ၁၄ ရက်နေ့မှာ ပြောပါတယ်။
မတ်လ ၁၁ ရက်နေ့မှာ ပန်းညိုရွာကို စစ်ကောင်စီတပ်က စီးနင်းပြီးနောက် မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံက RFA ကို ပြောပါတယ်။
"နေအိမ်တွေ မီးရှို့သွားတယ်။ ခန့်မှန်း တစ်ရာကျော်လောက် ပါသွားမယ်ထင်တယ်။ အခု ရွာထဲမဝင်ရသေးဘူး။ စစ်ကြောင်းက ပြန်ထွက်သွားပြီ။ ရေစကြိုဘက်ကို စစ်ကြောင်းပြန်ဆုတ်သွားတယ်။ ဒေသခံတွေလည်း ထွက်ပြေးနေရတုန်းပဲ။ အရင်တစ်ခေါက်ကလည်း ပန်းညိုရွာမီးရှို့ခံရပြီး အိမ်ပြန်ဆောက်ထားတာ အခု ထပ်မီးရှို့ခံရတယ်"
စစ်ကောင်စီတပ်က ပန်းညိုရွာကို ဝင်ရောက်စီးနင်းချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။
လက်ရှိမှာ ရေစကြိုမြို့နယ်ထဲက မြေစွန်းတော်၊ မြေတော်၊ မြောင်မြို့နယ်ထဲက ပန်းညို၊ ညောင်ကားယား၊ မင်းလှ၊ ငါးရန့်အို၊ ဆူးလေကုန်း စတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
အင်အား သုံးရာခန့်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကတည်းက အဲဒီဒေသတွေကို နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၁၄ ရက်နေ့ မနက်မှာ စစ်ကောင်စီတပ် စစ်ကြောင်းက ရေစကြိုမြို့နယ်၊ မြေတော်ရွာဘက်ကို စစ်ကြောင်း ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
မတ်လ ပထမပတ်မှာ ရေလယ်ကျွန်းဒေသက မြေစွန်းတော်ရွာကို ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်နဲ့ ရေစကြိုမြို့က ခမရ (၂၅၆)၊ (၂၅၇)၊ (၂၅၈) တပ်ရင်းက စစ်သားအင်အား နှစ်ရာကျော်က စစ်ကြောင်းထိုးဝင်းရောက် မီးရှို့ခဲ့တဲ့အပြင် ဒေသခံ ၁၁ ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ သုံးရာကျော်ရှိတဲ့ မြေစွန်းတော်ရွာက အိမ် ၂၆၀ ကျော်၊ ဇရပ်နီနဲ့ သာဂေါင်ရွာက အိမ်နှစ်ရာကျော်၊ စုစုပေါင်း အိမ်ငါးရာကျော် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်း ပြောခွင့်ရသူတွေထံ RFA က ဆက်သွယ်ပေမဲ့ အကြောင်းမပြန်ပါဘူး။ စစ်ကောင်စီဘက်ကတော့ မြောင်မြို့နယ်၊ ပန်းညိုရွာကို မီးရှို့ဖျက်ဆီးတာမရှိကြောင်း မတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က မတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းလေးနှစ်အတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း ၁၁၀,၀၀၀ ကျော် (၁၁၃,၁၀၄ လုံး) ရှိပါတယ်။