ဆန်တင်ပို့မှုအများဆုံး ထိပ်တန်းနိုင်ငံ မြန်မာ ဖြစ်လာနိုင်

တချိန်က ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့ဘူးတဲ့ မြန်မာနိုင်ငံဟာ ဆန်တင်ပို့မှု လုပ်ငန်းကဏ္ဍ အားကောင်းလာအောင် ကြိုးစားနေတာ တွေ့ရတဲ့အတွက် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်တင်ပို့မှု အများဆုံး နိုင်ငံ ပြန်ဖြစ်လာနိုင်ကြောင်း ကုန်သည်ကြီးတွေနဲ့ သံတမန်တွေက ပြောပါတယ်။

2010.08.30
laborers_rice_305_z.jpg ကုန်ကားပေါ်သို့ ဆန်အိတ်များ တင်နေသော ပခုံးထမ်း အလုပ်သမားများ ဖြစ်ပါသည်။
(Photo: AFP)

ဆန်တင်ပို့နိုင်မှုကို အဟန့်အတားဖြစ်စေတဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနဲ့ တခြား အဟန့်အတားတွေ အားလုံး မကြာခင် အချိန်အတွင်းမှာ လျော့သွားတော့မှာပါ။ မြန်မာနိုင်ငံဟာ လာမဲ့နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ဆန်တင်ပို့တဲ့ ထိပ်ပိုင်း ၁၀ နိုင်ငံထဲမှာ စာရင်းဝင်လာတော့မှာပါလို့ ထိုင်းသံတမန် ပါရာချွန် ဆူပီနီက ရန်ကုန်မှာ ပြောခဲ့တာပါ။

ဒါပေမဲ့ ဒီလိုဖြစ်လာဖို့ကလည်း အဆင်ပြေ ချောမွေ့ဖို့ ချက်ချင်း မဖြစ်လာသေးဘူးလို့လည်း ဆိုပါတယ်။ စစ်အစိုးရက ပုဂ္ဂလိက ဆန်ကုန်သည်တွေကို နိုင်ငံခြား ဆန်တင်ပို့ခွင့် လိုင်စင် ချပေးမှု နှေးကွေးတာတွေ၊ မြန်မာ့လယ်သမားတွေ စပါးစိုက်ချင်စိတ် ပိုများလာအောင် စစ်အစိုးရက မက်လုံးပေးမှု အားနည်းတာတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

အာဆီယံဒေသတွင်း စီးပွားရေးကုန်သွယ်မှု သဘောတူညီချက်အောက်မှာ မြန်မာနိုင်ငံမှာလည်း ဆိပ်ကမ်းတွေ ကောင်းမွန်လာအောင် ပြုပြင်တိုးချဲ့လာတာတွေ၊ ကုန်သွယ်ရေးလုပ်ငန်းတွေမှာ အားကောင်းလာအောင် ဆောင်ရွက်မှုတွေနဲ့ သယ်ယူပို့ဆောင်ရေးစနစ် ကောင်းလာအောင် တည်ဆောက်မှုတွေ ရှိနေတဲ့အတွက် နိုင်ငံခြားဆန်တင်ပို့မှု ပိုချောမွေ့လာမယ်လို့ မျှော်လင့်ကြောင်း ထိုင်း စီးပွားရေး သံတမန် ပါရာချွန်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဒီနှစ် နှစ်ဝက်အတွင်းမှာ နိုင်ငံခြားဆန်ဈေးကွက်ကို တန်ချိန် သုံးသိန်းကျော်လောက်သာ တင်ပို့နိုင်ခဲ့ပြီး၊ မနှစ်က နှစ်ဝက်ကျော်မှာ ဆန်တန်ချိန် ရှစ်သိန်းနီးပါးလောက် တင်ပို့နိုင်ခဲ့ပြီး ဖြစ်တဲ့အတွက် ဒီ နှစ်ဝက်ကျော်မှာ တင်ပို့နိုင်မှု အများကြီး နည်းလာတယ်လို့ ရန်ကုန်အခြေစိုက် ပုဂ္ဂလိက သုတေသနအဖွဲ့(SGS) ရဲ့ လေ့လာချက်အရ သိရပါတယ်။

မနှစ်က တနှစ်လုံး ဆန်တန်ချိန် တသန်းကျော် တင်ပို့နိုင်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ်ကတော့ တန်ချိန်ပေါင်း ခြောက်သိန်းနီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ တနှစ်ကို ပျမ်းမျှခြင်း စပါးတန်ချိန်ပေါင်း သန်း ၃၀ ထုတ်လုပ်နိုင်ပါတယ်။ ထိုင်းနိုင်ငံဟာလည်း အလားတူ စပါးတန်ချိန် သန်းပေါင်း ၃၀ ထုတ်လုပ်နိုင်ပေမဲ့ နိုင်ငံခြားကို တင်ပို့တဲ့ ဆန်တန်ချိန် တနှစ်ကို ၈ သန်းကနေ ၁၀ သန်းအထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။