ဦးဝီရသူနဲ့ပတ်သက်ပြီး အစိုးရကို ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ရှုတ်ချ
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရပြီး၊ တိမ်းရှောင်နေတဲ့ ဦးဝီရသူ အပေါ် ဖမ်းဝရမ်း ထုတ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး၊ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့က အစိုးရကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
-
2019-06-17 -
-
-
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရပြီး၊ တိမ်းရှောင်နေတဲ့ ဦးဝီရသူ အပေါ် ဖမ်းဝရမ်း ထုတ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး၊ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့က အစိုးရကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
မဘသ ခေါ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ကို အမည်ပြောင်းလဲခဲ့တဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ရှုတ်ချလိုက်တာပါ။
ဦးဝီရသူ ရဲ့အမှုကို ဒီနေ့ အင်္ဂါနေ့ သူ့မျက်ကွယ်မှာ ကြားနာဖို့ရှိပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဂုဏ်သရေပျက်အောင် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခဲ့တဲ့အတွက် ဦးဝီရသူ အပေါ် နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခဲ့တာပါ။ ဒါပေမဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကတော့ ဦးဝီရသူရဲ့ ပြောဆိုချက်တွေဟာ အပြုသဘောဆောင်တဲ့ ဝေဖန်ချက်တွေသာဖြစ်ကြောင်း မှတ်ချက်ပြုပါတယ်။
ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို ထောက်ခံသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရ ဟာ မွတ်စလင်တွေကို ခိုးဝင်ခွင့်ပြုခဲ့တဲ့အတွက် လာမယ့်ရွေးကောက်ပွဲမှာ NLD ကို မဲမပေးကြဖို့ တိုက်တွန်းပြောဆိုကြပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ မေလ က ဒေါ်အောင်ဆန်းစုကြည် မန်းစက်တော်ရာကို သွားရောက်ဖူးမြော်ခဲ့ရာမှာ အမျိုးသမီး မဝင်ရတဲ့နေရာကို သွားရောက်ခဲ့တာဟာ မြန်မာ့ယဉ်ကျေးမှု ဓလေ့ကို မထီမဲ့မြင်ပြုတာဖြစ်ကြောင်းလည်း အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သာသနာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးထွန်းညွန့်ကတော့ ဗုဒ္ဓဘာသာရဟန်း အပါအဝင် ဥပဒေချိုးဖေါက်သူ မည်သူမဆို အရေးယူခံရမှာဖြစ်တယ်လို့ ပြောဆိုကြောင်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။
ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို ရန်ကုန်တိုင်း စစ်ဒေသတိုင်းမှူး ဗိုလ်ချုပ် သတ်ပုံ က အလှူငွေ ကျပ် သန်း ၃၀ လှူဒါန်းခဲ့ပါတယ်။