အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ ဘုတလင်မှာ နေအိမ် လေးရာကျော် မီးလောင်ပျက်စီး

အရပ်သားနှစ်ဆယ်ကျော် သတ်ဖြတ်ခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ နေအိမ် လေးရာကျော် (၄၃၄) ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် အဆောက်အအုံနှင့် ပစ္စည်းအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဥ်။ Facebook/ ရွာဇော်ကြီးတော်လှန်အသံ

အရပ်သားနှစ်ဆယ်ကျော် သတ်ဖြတ်ခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ နေအိမ် လေးရာကျော် (၄၃၄) ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို အောက်တိုဘာ ၂၆ ရက် ဒီနေ့ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၃၃ လက်အောက်ခံ အင်အားတစ်ရာကျော်ပါ စစ်ကြောင်းက အောက်တိုဘာ ၅ ရက်ကနေ ၂၃ ရက်နေ့အထိ ရွာတွေထဲ စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးတဲ့အထဲ စီပါရွာက နေအိမ် ၂၉၀ နဲ့ အများဆုံးဖြစ်ပြီး ကျွဲသေချောင်း၊ အိုင်ပေါင်းချောင်၊ ဆယ်ဝ (ရွာဟောင်း)၊ ဆယ်ဝ (ရွာသစ်)၊ စိုင်ပြင်လေး၊ ကျောက်အိုး (မြောက်) ရွာက နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

ဒီ့အပြင် အရပ်သား ခြောက်ဆယ်ကျော်ကိုလည်း စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားပြီး စစ်ကြောင်းပြန်ထိုးလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုတလင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခု ဘုတလင်မှာ ပြန်ပြီး အင်အားဖြည့်ထားတာ။ အဖမ်းခံရတဲ့ အရပ်သား ခြောက်ဆယ်ကျော်ထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေ၊ အသက်မပြည့်သေးတဲ့သူတွေလည်း ပါတယ်။ တိုက်ပွဲတော့ မရှိဘူး။ ဒေသခံ ခြောက်ဆယ်ကျော် ပြန်ပါလာတယ်ဆိုတော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က တုံ့ပြန်လို့မရဘူး ဖြစ်နေတယ်”

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဘုတလင်မြို့နယ် ကူတော်ရွာ စစ်ကောင်စီအခြေစိုက်စခန်းက စစ်ကောင်စီတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် သုံးဆယ်ထက်မနည်း သေဆုံးပြီးနောက် တန်ပြန်ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org