မြန်မာ့အရေးကို ဝိုင်းဝန်း ကူညီကြဖို့ ဗြိတိန် တိုက်တွန်း
ရေဘေး၊ ရောဂါဘယဘေးတွေ ကြုံတွေ့နိုင်ဖွယ်ရှိနေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေ ကူညီရေးနဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ ဖြေရှင်းနိုင်အောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကို အားတက်သရော ကူညီပံ့ပိုးကြဖို့ ဗြိတိန်အစိုးရ နိုင်ငံ တကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး Alan Duncan က တိုက်တွန်းလိုက်ကြောင်း ဗြိတိန်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
-
2013-06-18 -
-
-
ရေဘေး၊ ရောဂါဘယဘေးတွေ ကြုံတွေ့နိုင်ဖွယ်ရှိနေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေ ကူညီရေးနဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ ဖြေရှင်းနိုင်အောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အားတက်သရော ကူညီပံ့ပိုးကြဖို့ ဗြိတိန်အစိုးရ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး Alan Duncan က တိုက်တွန်းလိုက်ကြောင်း ဗြိတိန်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဝန်ကြီး Alan Duncan ဟာ မြန်မာနိုင်ငံကို ရောက်ရှိစဉ်အတွင်း မြန်မာအစိုးရဝန်ကြီးတွေ၊ NLD ပါတီဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ လူမျိုးစုခေါင်းဆောင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့ပြီး မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗြိတိန်နိုင်ငံက ဘယ်ပုံဘယ်နည်း အကူအညီပေးနိုင်မလဲဆိုတာတွေ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ရာမှာ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေဆိုးရွားလှတာကို တွေ့မြင်ခဲ့ရကြောင်း ဗြိတိန်ဝန်ကြီး Alan Duncan က ပြောဆိုပါတယ်။
ကချင်ပြည်နယ်က ဒုက္ခသည်တွေဟာလည်း အလားတူဖြစ်ကြောင်း၊ ကူညီရေးအဖွဲ့တွေက တတ်နိုင်သမျှ ကူညီနေကြပေမဲ့ လုံလောက်မှုမရှိဘဲ၊ ရေရှည်အတွက် အခက်အခဲဖြစ်နေကြောင်း၊ ဒါပေမဲ့ ပြည်နယ်နှစ်ခုလုံးအတွက် ဗြိတိန်ရဲ့ အကူအညီတွေ ထိရောက်တာတွေ့ရကြောင်း၊ အခုလတ်တလော ကချင်မှာဆိုရင် ဗြိတိန်အကူအညီက အများဆုံးဖြစ်နေကြောင်း၊ အခုထက်ပိုပြီး ကူညီနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနေကြောင်း၊ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့လည်း မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အတူတကွဆောင်ရွက်ကြရမှာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် ဒုက္ခသည်တွေအတွက် ဗြိတိန်က ပေါင်စတာလင် ၆ သန်းခွဲ ကူညီခဲ့ပြီး၊ ကချင်ပြည်နယ် ဒုက္ခသည်တွေအတွက် သောက်ရေသန့်၊ မိလ္လာသန့်ရှင်းရေးအစီအစဉ်တွေ၊ ကလေးများအာဟာရပြည့်ဝရေးနဲ့ လူ ၄ သောင်းအတွက် ဆေးသေတ္တာတွေ ဝေငှခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။