ရန်ကုန် မြို့နယ်နှစ်ခုမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်

RFA Burmese
2023.10.27
ရန်ကုန် မြို့နယ်နှစ်ခုမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ် ရန်ကုန်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း၊ မရမ်းကုန်းနဲ့ တောင်ဥက္ကလာမြို့နယ်မှာ အောက်တိုဘာ ၂၆ ရက် မနေ့ညက ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မရမ်းကုန်းမြို့နယ် အောင်သပြေ စစ်ကြောရေး ရဲတပ်ဝင်းမှာ ည ၇ နာရီခန့်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် နာရီဝက်အကြာ ည ၇ နာရီခွဲအချိန် တောာင်ဥက္ကလာမြို့နယ် မြ၀တီဘဏ်အနီးမှာ ပေါက်ကွဲမှုထပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

မရမ်းကုန်း အောင်သပြေစစ်ကြောရေး ရဲတပ်ဝင်းမှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် ရဲနဲ့ စစ်သားတွေက အနီးရှိ လမ်းမပေါ်နဲ့ နေအိမ်တွေကို ဧည့်စာရင်းစစ်တာတွေ လုပ်ခဲ့တယ်လို့ မရမ်းကုန်းမြို့ခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

“ပေါက်ကွဲတဲ့အသံ ကြားရတယ်။ အဲဒီအနီးနားတော့ ညက ဧည့်စာရင်းစစ်တာတွေ ရှိတယ်။ ညက လမ်းပေါ်မှာ ကားတွေကိုလည်း စစ်တာဆေးတာ ရှိပါတယ်”

တောင်ဥက္ကလာမြို့နယ်က မြ၀တီဘဏ်အနီးမှာလည်း မနေ့ ည ၇ နာရီခွဲက ပေါက်ကွဲသံကြားရပြီး ထိခိုက်မှုအခြေအနေကို အတိအကျ မသိရဘူးလို့ မြို့ခံလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အသံတော့ ကြားရတယ်ဗျ။ ထိခိုက်မှုအခြေအနေတော့ ကျွန်တော်တို့လည်း အတိအကျ မသိနိုင်ဘူး”

ဒါဟာ မိုင်းပေါက်ကွဲမှုတွေဖြစ်ပြီး အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲခဲ့တာလို့ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ပြောဆိုကြောင်း ပြည်တွင်းမီဒီယာတချို့က ဖော်ပြပါတယ်။

ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတွေကို RFA က ကြိုးစားဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးသလို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရ ဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။