ရန်ကုန်ဗုံးကွဲမှု တစ်ဦးသေ၊ ကိုးဦးဒဏ်ရာရ

2022.05.31
ရန်ကုန်ဗုံးကွဲမှု တစ်ဦးသေ၊ ကိုးဦးဒဏ်ရာရ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းမှ ဘားလမ်းမှတ်တိုင်အနီးတွင် ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့သည့် နေရာအား တွေ့ရစဉ်
Photo: CJ

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းပေါ်က ဘားလမ်းမှတ်တိုင်အနား၊ မေလ ၃၁ ရက် ညနေ ၃ နာရီကျော်က ဖြစ်ခဲ့တဲ့ဗုံးပေါက်ကွဲမှုမှာ နောက်ဆုံးရရှိတဲ့ သတင်းအရ အမျိုးသားတစ်ဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရထားတယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဒဏ်ရာရသူတွေထဲမှာ နိုင်ငံခြားသားတစ်ဦးလည်း ပါတယ်လို့ NUG ဝန်ကြီး ဒေါက်တာဆာဆာရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်ချိန်က အဲဒီနေရာကိုရောက်သွားပြီး ဒဏ်ရာရလူနာတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ပေးခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

"ဟိုရောက်တော့ အဲဒီမှာ ရှုပ်ယှက်ခတ်နေတာပဲ။ ရတဲ့လူနာ တင်ပြီး ထွက်လာလိုက်တာ။ ထိခိုက်သူ အတိအကျတော့ ကျနော် မပြောတတ်ဘူး။ သယ်လာတဲ့ လူနာ ၁၀ ယောက်လောက် ရှိတယ်"

ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးခန့်ဟာ အမျိုးသားတွေ ဖြစ်ကြပြီး အဲဒီထဲက နှစ်ဦးကတော့ စိုးရိမ်ရတယ်လို့ သူက ပြောပြပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ....

““ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဘယ်သူတွေ လုပ်နေတယ်ဆိုတာ အသိပဲ ဖြစ်တယ်။ ရန်ကုန်လို မန္တလေးလို လူစည်ကားတဲ့ နေရာတွေမှာ ဗုံးဖောက်ခွဲမှုတွေ လုပ်ခဲ့တာ ဘယ်သူတွေလဲ။ ဒီဟာနဲ့ ပတ်သက်ပြီး လှုံ့ဆော်တာတွေကို ဘယ်သူတွေ လှုံ့ဆော်တယ်ဆိုတာလဲ သိပြီးသားဖြစ်ပါတယ်။ NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့အစည်းမှာ ရှိနေတဲ့ ဝန်ကြီးတွေကိုယ်တိုင် အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ဆိုတာ ထွက်ပြီး လှုံ့ဆော်နေတာရှိတယ်။ ကျောင်းတွေ မဖွင့်ခင်ကလည်း ကျောင်းသားတွေကို ကျောင်းမအပ်ကြဖို့၊ ကျောင်းအပ်ရင် ခြေပြတ်လက်ပြတ်ဖြစ်သွားရင် တာဝန်မယူဘူးဆိုတဲ့ စကားမျိုးတွေ ဘယ်သူတွေ ပြောခဲ့တယ်ဆိုတာ သိပြီးဖြစ်ပါတယ်။ ရန်ကုန်လို မန္တလေးလို နေရာမျိုးတွေမှာ အကြမ်းဖက်အဖွဲ့တွေ အနေနဲ့ တချို့နေရာတွေမှာ နှိမ်နင်းခံရတဲ့အခါ နေစရာနေရာပါ ရှားပါးလာတဲ့အချိန်မှာ ဗုံးဖောက်ခွဲမှုတွေကို ပိုပြီးလုပ်ဆောင်လာတာဖြစ်တယ်” လို့ NUG အဖွဲ့ကို စွပ်စွဲပြောဆိုပါတယ်။

အဲဒီအပြင် “ကျနော်တို့အနေနဲ့ပြည်သူလူထုကိုအသိပေးချင်တာကတော့ ဒီအကြမ်းဖက်လုပ်ရပ်တွေ အကြမ်းဖက်အဖွဲ့ အစည်းတွေကို ကျနော်တို့လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ လက်တွဲပြီး ပြည်သူ့ကာကွယ်ရေးမှာ ပါဝင် ဆောင်ရွက်သွားဖို့ပြောလိုတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

NUG အစိုးရအဖွဲ့ဝင်ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာက “လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားတဲ့စစ်တပ်ဟာ ကိုယ့်ပြည်သူကိုယ် ပြန်ပြီး သတ်ဖြတ်တာ ဗုံးခွဲတာတွေ ဆက်လက်ကျူးလွန်နေတယ်လို့” မေလ ၃၁ ရက်နေ့ညမှာပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။

အလားတူ NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာနကလည်း သူတို့အနေနဲ့ စစ်ကောင်စီရဲ့ဖိနှိပ်မှုကနေ ပြည်သူကိုကာကွယ်ဖို့ စစ်သည်တော်ကျင့်ဝတ်တွေနဲ့အညီ ဆောင်ရွက်နေပြီး၊ အရပ်သားတွေကို မတိုက်ခိုက်ဖို့ညွှန်ကြားထားတဲ့အကြောင်းနဲ့ ကျူးလွန်သူကို အရေးယူတဲ့အကြောင်း၊ အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချတဲ့အကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

အဲဒီအပြင် စစ်ကောင်စီဟာ ပျူစောထီး၊ သွေးသောက်စတဲ့အဖွဲ့တွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို အပြစ်ပုံချတဲ့ လုပ်ရပ်တွေ ရှိခဲ့တဲ့အတွက်ကြောင့် ပြည်သူလူထုအနေနဲ့ သတိထားနေထိုင်သွားလာဖို့ နှိုးဆော်ထား ပါတယ်။

ဒီလိုလုပ်ရပ်တွေကို တရားမျှတမှုပြန်ရဖို့အတွက် စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူတာတွေ ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့လည်း NUG ကာကွယ်ရေးဌာနရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗုံးကွဲမှုနဲ့ ပတ်သက်လို့ အခုချိန်ထိတော့ ဘယ်အဖွဲ့ကမှ ထုတ်ဖော်ကြေညာတာမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။