ရန်ကုန် Mytel ရုံးချုပ် ဖောက်ခွဲတိုက်ခိုက်ခံရ

RFA Burmese
2024.02.28
ရန်ကုန် Mytel ရုံးချုပ် ဖောက်ခွဲတိုက်ခိုက်ခံရ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်အား Telecom International Myanmar Co.,Ltd.(MyTel) ရန်ကုန် ရုံးချုပ်တွင် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၁ နေ့က တွေ့ရစဉ်။
Mytel

ရန်ကုန်တိုင်း ဒဂုံမြို့နယ် ဦးထောင်ဘိုအဝိုင်းနားက စစ်ကောင်စီဥက္ကဋ္ဌ မိသားစုပိုင်ဆိုင်ထားတဲ့ Mytel ရုံးချုပ်ကို ဖေဖော်ဝါရီ ၂၈ နေ့ မနေ့ညနေပိုင်း ၆ နာရီမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောပါတယ်။

တော်လှန်ရေးမဟာမိတ်တွေဖြစ်တဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ Yangon Army (YA) တို့က ပူးပေါင်းပြီး စစ်ကောင်စီ ဥက္ကဋ္ဌရဲ့သားပိုင်ဆိုင်တဲ့ အောင်မြင့်မိုရ်မင်းကုမ္ပဏီ (Mytel) ရုံးချုပ်ကို ပြင်းအားကောင်းတဲ့ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုလည်း တိုက်ခိုက်ခဲ့ကြတဲ့ နှစ်ဖွဲ့လုံးက ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုမှာ လုံခြုံရေးနှစ်ဦးသေဆုံးပြီး အဆောက်အအုံလည်း ပျက်စီးသွားကြောင်း Yangon Army (YA) အဖွဲ့ကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ Mytel ကုမ္ပဏီဘက်က ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ ဥပဒေချုပ်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်အား Telecom International Myanmar Co.,Ltd.(MyTel) ရန်ကုန် ရုံးချုပ်တွင် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၁ နေ့က တွေ့ရစဉ်။ (Photo: MyTel)
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်အား Telecom International Myanmar Co.,Ltd.(MyTel) ရန်ကုန် ရုံးချုပ်တွင် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၁ နေ့က တွေ့ရစဉ်။ (Photo: MyTel)

Mytel ရုံးချုပ်ရှိတဲ့ ဒဂုံမြို့နယ်ထဲက ဒေသခံတစ်ဦးကတော့ တိုက်ခိုက်ခံရပြီးကတည်းက လမ်းတွေပိတ်ပြီး စစ်ဆေးနေတာ ဒီနေ့မနက်အထိပဲလို့ RFA ကို ပြောပါတယ်။

"မနေ့ညကတည်း စစ်ဆေးမှုတွေပြုလုပ်နေပြီး ဒီနေ့မနက်အထိ အဲဒီနားကလမ်းတွေ ပိတ်ထားပါတယ်၊ လုံခြုံရေးတွေရော၊ အရပ်ဝတ်တွေရော ချထားပါတယ်၊ ကျနော်တို့တောင် တခြားလမ်းကနေ ပတ်သွားနေရတာပါ"

တော်လှန်ရေးမဟာမိတ်တွေဖြစ်တဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ Yangon Army (YA) တို့ရဲ့ ထုတ်ပြန်ချက်တွေထဲမှာတော့ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်နေတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ဆက်စပ်သူအားလုံး၊ စစ်မှုမထမ်းမနေရဥပဒေကို အားပေးအားမြောက်ပြုသူအားလုံးကို ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၂၆ နေ့ကလည်း ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ Yangon Victory Force တို့က စစ်ကောင်စီရဲ့ လက်အောက်ခံရုံးဖြစ်တဲ့ မရမ်းကုန်းမြို့နယ် တရားရုံးကို စစ်မှုမထမ်းမနေရဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။