မိတ္ထီလာရဲစခန်းအနီး စစ်ကားပေါ် ဗုံးအပစ်ခံရ ရဲတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က အမှတ် (၂) ရဲစခန်းအနီး စစ်ကားပေါ်မှာ အောက်တိုဘာလ ၂၅ ရက် ဒီနေ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲတစ်ဦး သေဆုံးခဲ့ကာ စစ်သားနဲ့ ရဲလေးဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ မိတ္ထီလာမြို့က ဒေသခံတွေက ပြောပါတယ်။

မိတ္ထီလာမြို့က လမ်းမပေါ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကို ၂၀၂၁ အောက်တိုဘာ ၂၅ ရက်က တွေ့ရစဥ် Photo: CJ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က အမှတ် (၂) ရဲစခန်းအနီး စစ်ကားပေါ်မှာ အောက်တိုဘာလ ၂၅ ရက် ဒီနေ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲတစ်ဦး သေဆုံးခဲ့ကာ စစ်သားနဲ့ ရဲလေးဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ မိတ္ထီလာ မြို့က ဒေသခံတွေက ပြောပါတယ်။

မနက်က မြို့မှာ တပ်ထောက်ခံပွဲလုပ်အပြီး ပြန်လာကြချိန် ရပ်ထားတဲ့ စစ်ကားပေါ်ကို အမည်မသိလူနှစ်ဦးက မော်တော်ဆိုင်ကယ်နဲ့ ဗုံး လာပစ်ထည့်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိတ္ထီလာမြို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“အခုပေါက်ကွဲတဲ့နေရာနဲ့ တပ်ထောက်ခံပွဲလုပ်တဲ့နေရာက မတူဘူး ဝေးတယ်၊ အဲဒီပွဲကပြီးလို့ ပြန်လာ ကြတဲ့အချိန်ဖြစ်တာ၊ ကားပေါ် ဗုံးနဲ့ပစ်တာလို့ကြားပေးမယ့် ရဲသေနေတာက အုတ်တံတိုင်းနားမှာ သေနေတာ၊ သေနတ် နှစ်လက်လည်း လမ်းမှာကျနေခဲ့တယ်၊ အခုတော့ တစ်မြို့လုံးအဝင်အထွက် လုံးဝမရတော့ဘူး ပိတ်ချလိုက်ပြီ၊ ဟိုဘက်အခြမ်း၊ ဒီဘက်အခြမ်းကို ကူးမရတော့ဘူး၊ ရပ်ကွက်အချို့ကို ၀င်စစ်နေတယ်လို့လည်းကြားတယ်” လို့ ဒေသခံက ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေက အနီးအနားတဝိုက်ကို ပစ်ခတ်မှုတွေလုပ်ခဲ့ သလို ရှာဖွေစစ်ဆေးနေတာကြောင့် မြို့မှာရှိတဲ့ စျေးဆိုင်တွေအားလုံးနီးပါး ပိတ်ထားပြီး လမ်းပေါ်မှာလည်း လူမရှိသလောက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၂၅ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် အပါအဝင် ပြင်ဦးလွင်၊ မိတ္ထီလာ၊ မြစ်ကြီးနားနဲ့ မော်လမြိုင်နဲ့ မြို့ကြီးအချို့မှာ တပ်ထောက်ခံပွဲဆိုပြီး ပြုလုပ်သွားခဲ့ကြပါတယ်။

ပေါက်ကွဲမှုကို ဘယ်အဖွဲ့ကလုပ်ခဲ့သလဲဆိုတာ တိတိကျကျ မသိရသေးပေမယ့် မိတ္ထီလာမြို့မှာရှိတဲ့ ZeroArmy အဖွဲ့ကတော့ ပြည်သူတွေအနေနဲ့ ထိခိုက်မှုမရှိအောင် တပ်ထောက်ခံပွဲလုပ်တဲ့ နေရာအနီးတဝိုက်မှာ သွားလာ လှုပ်ရှားမှုမလုပ်ကြဖို့ အောက်တိုဘာလ ၂၅ ရက် ဒီနေ့ မနက်မှာပဲ မေတ္တာရပ်ခံထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org