မင်္ဂလာဒုံလေတပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံး ဗုံးပစ်တိုက်ခိုက်ခံရ

မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းနဲ့ လေတပ်ဂေါက်ကွင်းလမ်းဆုံအနီးက မင်္ဂလာဒုံ လေတပ်အရာရှိအဆောင်နဲ့ ခရေပင်လမ်းပေါ်မှာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးတို့ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာအုပ်ချုပ်ရေးမှူးရုံးအနီးမှ စစ်တပ်ဂိတ်ကင်းစခန်းအား တိုက်ခိုက်ခံရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ နေ့က တွေ့ရစဥ်။ Citizen Journalist

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းနဲ့ လေတပ်ဂေါက်ကွင်းလမ်းဆုံအနီးက မင်္ဂလာဒုံ လေတပ်အရာရှိအဆောင်နဲ့ ခရေပင်လမ်းပေါ်မှာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးတို့ ဧပြီလ ၁၈ ရက်နေ့ညပိုင်းက ဗုံးပစ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လုံခြုံရေး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားရာ နယ်မြေတစ်ခုဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်မှာ ဖောက်ခွဲ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့ကလုပ်ခဲ့တာဖြစ်ပြီး လေတပ်ရာရှိအဆောင်ကို ဗုံးနှစ်လုံး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးကို ဗုံးတစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ Dark Shadow အဖွဲ့တာဝန်ခံ ရဲဘော်ပန်ဒါလေးက ပြောပါတယ်။

“ပြည်သူတွေကို နေ့စဥ် ဗုံးကြဲနေတဲ့ စစ်ကောင်စီတပ်ရဲ့ မိသားစုတွေနဲ့ အစွယ်အပွားတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် ဒီတိုက်ခိုက်မှုကို လုပ်ခဲ့တာ။ ထိခိုက်မှုနောက်ဆက်တွဲကတော့ စုံစမ်းနေဆဲပါ”

ဧပြီလ ၁၈ ရက် မနေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေ အဲဒီအနီးအနားဝန်းကျင်ကို စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ဧပြီလ ၆ ရက်နေ့ကတော့ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကားကွင်းအနီးက စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်နေရာကို အဆင့်မြင့် တာဝေးပစ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြအထူးတပ်ဖွဲ့ (Urban Special Force) က ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org