အမုန်းစကားကို အရေးယူမှုအားနည်းတယ်လို့ BHRN ဝေဖန်

ကျော်လွင်ဦး
2020.11.04

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ လူမျိုးရေး ဘာသာရေး ခွဲခြားတဲ့ အမုန်းစကား ရေးသားဖြန့်ဝေမှုတွေ ဆိုရှယ်မီဒီယာမှာ မြင့်တက်နေပြီး ဒီလိုရေးသားချက်တွေကို အရေးယူဖို့ အစိုးရက ပျက်ကွက်နေတယ်လို့ လန်ဒန်အခြေစိုက် မြန်မာလူ့အခွင့်အရေးကွန်ရက် (BHRN) က ဝေဖန်ပါတယ်။

အင်တာနက်လူမှုကွန်ရက်မှာ လူမျိုးရေး ဘာသာရေး ခွဲခြားတဲ့ အမုန်းစကား ပြောဆိုရေးသားမှု၊ သတင်းအချက်အလက်အမှား ရေးသားဖြန့်ဝေမှု ၃၉ ခုကို BHRN အစီရင်ခံစာမှာ ဖော်ပြထားပြီး အဲဒီထဲက တချို့အရေးအသားတွေကို ပြန်လည်ဖြန့်ဝေမှု အကြိမ် ၂၀၀၀ ကျော် ရှိခဲ့တယ်လို့  BHRN အဖွဲ့က ဆိုပါတယ်။

လူမျိုးရေး ဘာသာရေးအစွန်းရောက်တဲ့ သတင်းအချက်အလက်အမှားတွေ ရွေးကောက်ပွဲအကြိုကာလမှာ ပျံ့နေတယ်လို့ BHRN ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

“အဓိက ဒီလိုဟာတွေ ထွက်လာတာက စစ်တပ်ကိုထောက်ခံသူတွေ၊ USDP ထောက်ခံတွေကနေ ထွက်လာတာကို တွေ့ရတာပေါ့နော်၊ ဘာသာရေးနဲ့ပတ်သက်ပြီး အစွန်းရောက် တရားဟောတဲ့သူတွေ ဘက်ကနေ မွတ်စလင်မုန်းတီးရေးတွေ၊ အွန်လိုင်းကနေ ထွက်လာတာ ကျနော်တို့ တွေရတယ်၊ အဲဒီထဲမှာပါတာကတော့ အမျိုးမျိုးပါပဲ၊ များသောအားဖြင့် အခြေအမြစ်မရှိတဲ့သတင်းတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားဖြန့်ဝေတာ၊ ၂၇ ရက်နေ့ကပဲ ဘိုကလေးမြို့နယ်မှာ စာတွေဝေသွားတယ်၊ ဝေသွားတဲ့စာတွေထဲမှာ မွတ်စလင်တွေဟာ ဗမာအမျိုးသမီးတွေကို အိမ်ထောင်ပြုပြီးရင် ရွာတည်လိုက်တယ်၊ တစ်ရွာလုံး မွတ်စလင်ရွာဖြစ်အောင် လုပ်လိုက်တယ်၊ ဒီလိုမျိုးမဖြစ်နိုင်တဲ့ဟာတွေနဲ့ ဒီလိုမျိုးရေးသားဖြန့်ဝေတာပေါ့”

ဒီလိုအမုန်းစကားတွေ လူမျိုးရေး ဘာသာရေး ခွဲခြားမှုတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူတွေရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကနေ ဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းရာမှာတော့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ငြင်းဆိုပါတယ်။

“ကျနော်တို့ပါတီရဲ့ မူဝါဒကလေ တိုင်းပြည်အေးချမ်းရေးကို အဓိကထားတယ်ဗျ၊ ဒီလိုအမုန်းစကားတွေဟာ တိုင်းပြည်အေးချမ်းရေးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင်၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို ထိပါးသွားမယ်အရာမျိုး ကျနော်တို့ ဘယ်တော့မှလုပ်သွားမှာ မဟုတ်ပါဘူး”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အခြားပါတီတွေကို အမုန်းစကား ပြောဆိုတာတွေ မရှိခဲ့သလို နောက်လည်းရှိမှာ မဟုတ်ဘူးလို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

မွတ်စလင် ကိုယ်စားလှယ်လောင်းတွေအပေါ် တိုက်ခိုက်တာတွေအပါအဝင် လူမျိုးဘာသာကို ခွဲခြားပြီး လူမျိုးတမျိုးနဲ့တမျိုးအကြား မုန်းတီးအောင် ပုံဖော်ရေးသားထားတဲ့ အွန်လိုင်းပေါ်က ရေးသားပြောဆိုချက်တွေကို BHRN အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီလိုရေးသား ဖြန့်ဝေတဲ့အချက်တွေထဲမှာ အများစုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ မွတ်စလင်တွေ သို့မဟုတ် မွတ်စလင်အဖွဲ့အစည်းတွေကို မျက်နှာသာပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

NLD ပါတီက ဘာသာရေး လူမျိုးရေး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ အမြဲခံနေရတယ်လို့ ပါတီရဲ့ ဗဟိုအောင်နိုင်ရေးကော်မတီ ပြောခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ အခြေအနေတွေကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတယ်လို့လည်း သူက ဆိုပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းကတော့ အမုန်းစကားတွေကို မရပ်တန့်နိုင်ရင် အကြမ်းဖက်မှုတွေဆီ ရောက်သွားတတ်တယ်လို့ ထောက်ပြပါတယ်။

“အမုန်းစကားတွေက အရမ်းအန္တရာယ်ကြီးတယ်၊ အထူးသဖြင့် ရွေးကောက်ပွဲကာလတွေမှာ ပိုပြီးအန္တရာယ်ကြီးတယ်၊ ခုလက်ရှိမှာ အမုန်းစကားကြောင့် ခုချက်ကြီးအကြမ်းဖက်မှုဖြစ်မယ်လို့ ပြောလို့မရဘူး၊ ဒါပေမဲ့ အကြမ်းဖက်မှုဖြစ်တိုင်းဖြစ်တိုင်းမှာ အမုန်းစကားတွေက အမြဲပေါ်ပေါက်လေ့ရှိတယ်၊ အမုန်းစကားတွေ အများကြီးပေါ်ပေါက်လေ့ရှိတယ်၊ အမုန်းစကားတွေကို မဟန့်တားနိုင်ဘူးဆိုရင် စိတ်ပူစရာကောင်းတဲ့ အခြေအနေတစ်ခုက ဘာဖြစ်မလဲဆိုရင် အကြမ်းဖက်မှုတွေဖြစ်သွားမယ့် အခြေအနေကို ရောက်သွားမလားပေါ့၊ အဲဒါကို လက်ရှိအစိုးရကော နောင်တတ်လာမယ့် အစိုးရရော တိတိကျကျ ကိုင်တွယ်ဖို့လိုတယ်”

ပြီးခဲ့တဲ့ ၂၀၁၂ ရခိုင် ပဋိပက္ခနဲ့ ၂၀၁၃ မိတ္ထိလာပဋိပက္ခတွေမဖြစ်ခင်မှာလည်း လူမှုကွန်ရက်ပေါ်က အမုန်းစကားတွေကြောင့် အကြမ်းဖက်မှုတွေဖြစ်ခဲ့တယ်လို့ ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

ဒီလိုပဋိပက္ခတွေဖြစ်စေနိုင်တဲ့ အမုန်းစကားဖြန့်ဝေတာတွေကို အစိုးရက အရေးယူဖို့ ပျက်ကွက်နေတယ်လို့ BHRN အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်း က ဝေဖန်ပါတယ်။

“အစိုးရနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်ပြောရင် အရေးယူခံရတယ်၊ ဒါပေမဲ့ အခုလို အကြမ်းဖက်မှုတွေဖြစ်အောင် လှုံဆော်နေတာတွေ၊ ဖေ့စ်ဘွခ်တ်ပေါ်ကနေ ပြောနေတာတွေ၊ ဒါတွေကျတော့ တားမြစ်တာတွေ မရှိဘူး၊ အရေးယူတာလည်း မရှိဘူး၊ ဒေါ်စုနဲ့ပတ်သက်လို့ အစိုးရအဖွဲ့ အကြီးအကဲတစ်ယောက်နဲ့ ပတ်သက်လို့ ဖေ့စ်ဘွခ်တ်က ပြောမယ်ဆိုရင် အရေးယူတာပဲ၊ ဖမ်းတာပဲ ဒီအပေါ်မှာ လိုသလိုဖြစ်နေကြတာပဲ”

လန်ဒန်အခြေစိုက် BHRN အဖွဲ့က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ လူနည်းစုတွေရဲ့ အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်တို့အတွက် လှုပ်ရှားဆောင်ရွက်နေတာ ၈ နှစ် ရှိပါပြီ။  
BHRN အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အွန်လိုင်းပေါ်က အမုန်းစကားတွေ၊ လူမျိုးဘာသာ မုန်းတီးရေး လှုံဆော်မှုတွေကို အစိုးရက အရေးယူမှု အားနည်းတယ်ဆိုတဲ့ ဝေဖန်ချက်နဲ့ ပတ်သက်လို့ သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး ကို RFA က မေးမြန်းရာမှာ သူက အခုလို ပြောပါတယ်။

"အခုနောက်ပိုင်းမှာ ဗီဒီယိုဖိုင်တွေ တက်တာရှိပါတယ်။ တက်လာတာတွေကို ဖေ့စ်ဘွတ်ခ်က အကုန်မသိဘူး။ ဒါတွေကို ကျနော်တို့က ဒီမှာတော့ ဒီဗီဒီယိုတက်နေပြီ ဒီမှာတော့ ဘာတက်နေပြီဆိုပြီး ရီပို့လုပ်ရတယ်။ ဒါကိုလည်း ဖေ့စ်ဘွတ်ခ်က ချက်ချင်း action ယူရတယ်။ ဆိုလိုတာက ဒီကာလမှာ အထူးသဖြင့် ဘာသာရေး၊ လူမျိုးရေး ဖြစ်လာတယ်ဆိုရင် ဒါမျိုးစည်းရုံးလှုံ့ဆော်မှုတွေ ရှိတယ်ဆိုရင် ကျနေတာ်တို့က တတ်နိုင်သမျှလုပ်တယ်။ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ကျနော်တို့ ပြောထားပြီးဖြစ်တယ်။ နိုင်ငံတော်သမ္မတက အမိန့်ထုတ်ထားပြီးသားပါ။ ဒါမျိုးတွေနဲ့ပတ်သက်ရင် ထိထိရောက်ရောက် အရေးယူပါဆိုပြီး တစ်နိုင်ငံလုံးကို ညွှန်ကြားချက်ထုတ်ထားပြီးဖြစ်တယ်"

အာဏာရပါတီ NLD အောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကတော့ ဒီလိုအမုန်းစကားဖြန့်ဝေတာတွေကို အရေးယူနိုင်မယ့် ဥပဒေ တိတိကျကျ မပြဌာန်းနိုင်သေးတာက အားနည်းချက်လို့ ဆိုပါတယ်။

“အဲဒါတွေက ကျနော်တို့ ဥပဒေအရ တိတိကျကျ မပြဌာန်းရသေးဘူးခင်ဗျ၊ အဲတော့ ဥပဒေပြဌာန်းပြီးမှ လုပ်နိုင်ပါလိမ့်မယ်၊ ကျနော်တို့ကတော့ နိုင်ငံသားအချင်းချင်းမှာ အမုန်းစကားတွေဖြန့်ဝေတာ ဘယ်ဘက်ကပဲလုပ်လုပ်၊ နိုင်ငံရဲ့တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးရေးကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ယူဆပါတယ်၊ ဒါတွေကို ဥပဒေအရ ထိန်းသိမ်းကြပ်မတ်နိုင်အောင် ဆောင်ရွက်သွားမှာပါ”

မြန်မာနိုင်ငံမှာ လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံတာကို ဟန့်တားတဲ့ ဥပဒေ၊ မွတ်စလင် ဆန့်ကျင်ရေးကြွေးကြော်တာနဲ့ မဲဆွယ်တာတွေကို တားမြစ်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ မရှိသေးဘူးလို့ BHRN အဖွဲ့ရဲ့ အစီရင်ခံစာမှာလည်း ထောက်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က

“လူမျိုးစုတွေအပေါ်မှာရယ် မဟုတ်ပါဘူး၊ သီးခြားခွဲပြီးတော့လေ၊  တစ်ယောက်နဲ့တစ်ယောက် အမုန်းစကားတွေ မပြောရဘူး၊ ဘာသာရေး မစော်ကားရဘူး၊ လူတစ်မျိုးကို ထိခိုက်စေတဲ့ မလုပ်ရဘူး၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄မှာ အင်္ဂလိပ်ခေတ်ကတည်းက ပြဌာန်းထားတာ ခုထိပဲ၊ တွင်တွင်ကျယ်ကျယ် သုံးနေတုန်းပါပဲ၊ ခုအရေးမယူတာက ရှင်းရှင်းပြောရင် မနိုင်ဘူးနဲ့တူတယ်၊ ဖင်မနိုင်ခေါင်းမနိုင်တွေ ဖြစ်နေတယ်နဲ့တူတယ်”

ဒီလို အမုန်းစကားဖြန့်ဝေတာတွေ လျော့နည်းအောင် အစိုးရအနေနဲ့ တည်ဆဲဥပဒေတွေ အတိုင်း အားလုံးကို တပြေးညီအရေးယူပေးဖို့၊ ဆိုရှယ်မီဒီယာသုံးစွဲသူတွေအနေနဲ့လည်း သတင်းတွေကို အမှားအမှန်စဉ်းစားဖို့နဲ့ တရားဝင်သတင်းဌာနတွေက ဖော်ပြတဲ့သတင်းတွေကိုပဲ ယုံကြည်ဖို့ BHRN အဖွဲ့က တိုက်တွန်းထားပါတယ်။

---------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။