လက်နက်ကြီးကျည်ကြောင့် သုံးလကလေးနဲ့ မိန်းကလေးတစ်ယောက် သေဆုံး

2022.01.31
လက်နက်ကြီးကျည်ကြောင့် သုံးလကလေးနဲ့ မိန်းကလေးတစ်ယောက် သေဆုံး ၂၀၂၂ ဇန်နဝါရီ ၃၀ ရက်နေ့က ကရင်ပြည်နယ် ဖာပွန်မြို့နယ် ထီးလော်သိထားရွာမှာ နယ်ခြားစောင့်တပ် (BGF) ရဲ့ လက်နက်ကြီးကျည်ကြောင့် နေအိမ်ပျက်စီးပြီး လူနဲ့ တိရစ္ဆာန်တွေ သေဆုံးခဲ့စဥ်
Photo: Citizen Journalist
ကရင်ပြည်နယ်၊ (မူတြော်ခရိုင်) ဖာပွန်မြို့နယ်မှာ နယ်ခြားစောင့်တပ် (BGF) ရဲ့ လက်နက် ကြီး ကျည်ဆန်ကြောင့် သုံးလအရွယ် ကလေးနဲ့ မိန်းကလေးငယ်တစ်ယောက် သေဆုံး သွားတယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ထား ပါတယ်။
 
ဇန်နဝါရီ ၃၀ ရက် မနေ့က ညနေ ခြောက်နာရီလောက်က မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ထီးလော်သိထားရွာထဲကို BGF ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန် ခြောက်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာထဲက ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
 
သုံးလအရွယ် မိန်းကလေး နော်ဘလုဂေဆဲနဲ့ အသက် ၂၀ အရွယ် နော်ကိုးလာ တို့ဟာ အဲဒီလက် နက်ကြီးကျည်ကြောင့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ငါးယောက်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
အသက် ၁၅ နှစ်အရွယ် နော်ဂေရှီး၊ အသက် ၃၀ အရွယ် နော်မီသိန်း၊ အသက် ၅၀ အရွယ် စောကျော်မင်း၊ အသက် ၆၅ နှစ်အရွယ် နော်ဘယ်နဲ့ အသက် ၄၃ နှစ်အရွယ် မောင်မြ တို့လည်း မနေ့က အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ အိမ်လေးလုံးလည်း ပျက်စီးခဲ့ရပြီး ဆိတ် ကိုးကောင်နဲ့ ဝက်နှစ်ကောင်လည်း သေဆုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။
 
တောင်သုံးလုံးအခြေစိုက် ဒုတပ်ရင်းမှူး ဗိုလ်ကျော်ဝင်း ဦးစီးတဲ့ BGF 1013 ကနေ ပစ်ခတ်ခဲ့တာလို့ မူတြော်ခရိုင်က ဆိုထားပါတယ်။
 
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကလည်း ခွေးသေနဲ့ တောင်သုံးလုံးစခန်းနားမှာလည်း BGF တပ်ဖွဲ့ဝင်တွေကို KNU တပ်မဟာ ၅ က တိုက်ခိုက်ခဲ့ပါတယ်။
 
ဇန်နဝါရီ ၁၆ ရက်ကလည်း BGF ၁၀၁၄ နဲ့ စစ်ကောင်စီ ပူးပေါင်းအဖွဲ့က လေးဖိုးထာရွာ ဘက်ကို လက်နက်ကြီးကျည် ဆယ်လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အိမ်တစ်လုံး ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။