ဘဏ်အတိုးနှုန်းတွေ လျှော့ချဖို့ မရှိကြောင်း ဗဟိုဘဏ် ဒုဥက္ကဌ ပြော
ဘဏ်အတိုးနှုန်းတွေ လျှော့ချဖို့ အစီအစဉ် မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဌ ဦးစိုးမင်း က ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
-
2018-01-31 -
-
-
ဘဏ်အတိုးနှုန်းတွေ လျှော့ချဖို့ အစီအစဉ် မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဌ ဦးစိုးမင်း က ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အစိုးရရဲ့ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။
ဘဏ်ချေးငွေ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကို ၁၁ ရာခိုင်နှုန်းအထိ လျှော့ချဖို့နဲ့ ဘဏ်အပ်ငွေ အတိုးနှုန်း ၈ ရာခိုင်နှုန်းကို ၇ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သက်သက်ခိုင်က ဆွေးနွေးထားတဲ့အပေါ် ပြည်ထောင်စု လွှတ်တော်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက ဖြေကြားခဲ့တာဖြစ်ပါတယ်။
အစိုးရရဲ့ ဘက်ဂျက် လိုငွေပြမှုကြောင့် ဖြစ်ပေါ်လာတဲ့ အတိုးပေးနေရမှုကို လျှော့ချနိုင်ဖို့ တစ်ခုတည်းနဲ့ အတိုးနှုန်းလျှော့ချဖို့ ဆောင်ရွက်တာဟာ အခြား ပိုမိုပြင်းထန်တဲ့ အကျိုးဆက်ကို ဖြစ်ပေါ်စေနိုင်တယ်လို့လည်း ဦးစိုးမင်းက ပြောပါတယ်။
ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သက်သက်ခိုင် က စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖို့အတွက် ဘဏ်တိုးနှုန်းတွေ လျှော့ချဖို့ အချိန်ရောက်နေပြီလို့ ပြောပါတယ်။
ဒါ့အပြင် ဘဏ်တွေမှာ ငွေကြေးအပ်နှံနေတဲ့ ပြည်သူတွေနဲ့ ဘဏ်ကနေ ချေးငွေယူနေတဲ့ လုပ်ငန်းရှင်တွေ၊ နိုင်ငံတော်အစိုးရ နဲ့ ဘဏ်တွေ နှစ်ဦးနှစ်ဘက် အကျိုးစီးပွားရှိမှာဖြစ်ဖို့ လိုတယ်လို့လည်း ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။
အပ်ငွေအပေါ်က အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ချေးငွေအပေါ်က အတိုးနှုန်း ၂ ရာခိုင်နှုန်း လျှော့ချရုံနဲ့ ဗဟိုဘဏ်ရဲ့ ဝင်ငွေ မထိခိုက်နိုင်ပေမယ့် တိုင်းပြည် စီးပွားရေးအတွက် ပိုကောင်းတဲ့အခြေအနေ ဖြစ်လာမယ်လို့လည်း ပြောပါတယ်။