မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အာရှ ဖွံ့ဖြိုးရေးဘဏ်နဲ့ ကမ္ဘာ့ဘဏ် ငွေချေးမည်

မြန်မာနိုင်ငံမှာ လူမှုရေး၊ စီးပွားရေး စီမံကိန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၅၁၂ သန်း ချေး ငှားရေးနဲ့အတူ ဖွံ့ဖြိုးရေး အစီအစဉ်တွေ ပြန်လည်စတင်တော့မယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ် ADB က ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပြီး၊ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံ ကို အကြွေးသစ် ဒေါ်လာသန်း ၄၄၀ ချေးငှားဖို့ အတည်ပြုလိုက်ပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တွေအပေါ် မြန်မာစစ်အစိုးရအဆက်ဆက် ကာလကြာရှည်တင်ရှိနေခဲ့တဲ့ ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၉၀၀ နီးပါးကို ပြန်ဆပ်နိုင်အောင် ဂျပန်နိုင်ငံတကာ ကော်ပိုရေးရှင်းဘဏ် JBIC  က နှစ်တိုချေးငွေနဲ့ ကူညီပေးလိုက်တဲ့အတွက် အခုလို မြန်မာကိုဖွံ့ဖြိုးရေး အရင်းအနှီးတွေ ပြန်လည်ချေးငှားနိုင်တာ ဖြစ်ပါတယ်။

အခုဆိုရင် အာရှဖွံ့ဖြိုးရေးဘဏ်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက ရန်ကုန်မြို့မှာ ရုံးခန်းပြန်ဖွင့်ခဲ့ပြီး၊ကမ္ဘာ့ဘဏ်ကလည်း ကျေးရွာဖွံ့ဖြိုးရေး ၆ နှစ် စီမံကိန်းအတွက် မကြာခင်ကပဲ ဒေါ်လာသန်း ၈၀ ကူညီခဲ့ပါတယ်။ ဒီအကူအညီတွေဟာ မြို့နယ် ၁၅ မြို့နယ်က ကျေးရွာပေါင်း ၆၄၀ လောက်အတွက် စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ၊ လမ်းတွေနဲ့ ရေရရှိရေးတွေ ဆောင်ရွက်ဖို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တွေအပေါ် တင်ရှိတဲ့ကြွေးတွေကို ၁၉၈၇ ခုနှစ်ကတည်းက အခုအချိန်ထိ ပြန်မဆပ်နိုင်ခဲ့တဲ့ အပြင်၊ တခြားနိုင်ငံ တွေရဲ့ ကြွေးမြီတွေအနေနဲ့လည်း ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အတွင်း ဒေါ်လာ ၈ ဘီလျံကျော်တင်ခဲ့ပြီး၊ ၁၉၈၈ ခုနှစ်ကနေ နောက်ပိုင်းအထိ ဒေါ်လာ ၃ ဘီလျံနီးပါး အကြွေးတင်ခဲ့တာကြောင့်  မြန်မာနိုင်ငံရဲ့ စုစုပေါင်းနိုင်ငံခြားကြွေးမြီ ဒေါ်လာ ၁၁ ဘီလျံကျော်ဖြစ်ပါတယ်။

၁၉၈၈ မတိုင်မီက ဂျပန်နိုင်ငံဟာ မြန်မာရဲ့အဓိကကြွေးရှင်ဖြစ်ခဲ့ပြီး၊ ၁၉၈၈ နောက်ပိုင်းမှာ အဓိက မြီရှင်နိုင်ငံက တရုတ်နိုင်ငံဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org