နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့ ကုလအတွင်းရေးမှူးချုပ် ထပ်မံပြောကြား

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာအစိုးရကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

2011.07.30
ban_ki-moon_2010_305_Z ၂၀၁၀ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း။ (UN Photo/Paulo Filgueiras)
UN Photo/Paulo Filgueiras

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မနေ့က တယ်လီဖုန်းဆက်ပြီး စကားပြောဆိုရာမှာ မစ္စတာဘန်ကီမွန်းက အခုလို တိုက်တွန်းခဲ့ကြောင်း အတွင်းရေးမှူးချုပ်ရုံးက သတင်း ထုတ်ပြန်ပါတယ်။ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စဟာ မြန်မာအစိုးရအပေါ် နိုင်ငံတကာ အဝန်းအဝိုင်းက မျှော်လင့်ထားတဲ့ အဓိက အရေးအကြီးဆုံးကိစ္စ ဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ မြန်မာအစိုးရသစ်က ကတိပြုထားတဲ့အပေါ် ကြိုဆိုကြောင်း၊ မြန်မာအစိုးရ အနေနဲ့ ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ဖို့အတွက် ခိုင်မာတဲ့ ဆောင်ရွက်ချက်တွေ စတင်တော့မယ်လို့ မျှော်လင့်ကြောင်းနဲ့ ဒါတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ မစ္စတာ ဘန်ကီမွန်းက ဦးဝဏ္ဏမောင်လွင်ကို ပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးဦးအောင်ကြည်တို့ တွေ့ဆုံမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့အပြင်အပမှာ သွားလာလှုပ်ရှားခွင့်ရတဲ့အပေါ် ကြိုဆိုကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သား ပြည်သူတွေကို ထိခိုက်မှု ရှိနေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ လက်ရှိ အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့လည်း မြန်မာအစိုးရကို မစ္စတာဘန်ကီမွန်းက တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။