Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေကို ပုဒ်မ ၁၂၄ (က) နဲ့ ထပ်တိုးတရားစွဲ

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ Bago Weekly ဂျာနယ်က ကိုငြိမ်းချမ်းဝေကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄- က နဲ့ ထပ်တိုးတရားစွဲ ထားတယ်လို့ ကိုငြိမ်းချမ်းဝေရဲ့ မိသားစုဝင်က ပြောပါတယ်။

Bago Weekly ဂျာနယ်က ကိုငြိမ်းချမ်းဝေကို တွေ့ရစဉ် Photo: CJ

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ Bago Weekly ဂျာနယ်က ကိုငြိမ်းချမ်းဝေကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄- က နဲ့ ထပ်တိုးတရားစွဲထားတယ်လို့ ကိုငြိမ်းချမ်းဝေရဲ့ မိသားစုဝင်က ပြောပါတယ်။

“သူ့ကို ၅ လပိုင်း ၁၄ ရက်နေ့ညက စဖမ်းသွားတာပေါ့။ အစ်မတို့သိတာ ၅၀၅(က) နဲ့ တရားစွဲထားတာပေါ့။ အဲဒီနေ့ကနေ ဇွန် ၂၉ ရက်နေ့မှာ ၁၂၄ (က) နဲ့ ထပ်စွဲလိုက်တယ်ဆိုတာ သိရပါတယ်” လို့ ကိုငြိမ်းချမ်းဝေရဲ့ မိသားစုဝင်က RFA ကို ပြောပါတယ်။

ကိုငြိမ်းချမ်းဝေကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပတန်းမြို့နယ်က နေအိမ်မှာ မေ ၁၄ ရက်နေ့ ည ၁၂ နာရီဝန်းကျင်က စစ်သားအင်အား ၄၀ လောက်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကိုငြိမ်းချမ်းဝေကို သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ထောင်ဝင်စာ ပေးပို့နိုင်ပေမယ့် လူချင်း တွေ့ခွင့် မရသေးဘူးလို့လည်း မိသားစုဝင်က ဆိုပါတယ်။

“အဓိကကတော့ ရှေ့နေပေါ့။ အစ်မတို့က ရှေ့နေကို မတက်နိုင်ဘူး။ တချို့ကတော့ ကူညီပေးနိုင်ပေမယ့် အခကြေးငွေရမှ ကူညီပေးနိုင်တာကို။ တအားများတဲ့ အခကြေးငွေကျတော့လည်း မတက်နိုင်ဘူး။ ရှေ့နေ နဲ့ကျမှ အဆက်အသွယ် လုပ်လို့ရမယ့် အနေအထားဖြစ်နေတာလေ” လို့ ကိုငြိမ်းချမ်းဝေရဲ့ မိသားစုဝင်က အခက်အခဲကို ပြောပြပါတယ်။

ပုဒ်မ ၁၂၄ (က) ဆိုတာ မည်သူမဆို ပြည်ထောင်စု (သို့) ပြည်ထောင်စုအဖွဲ့ဝင်တွေကို၊ ဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရကို မုန်းထား၊ မလေးမစား၊ မေတ္တာပျက်အောင် လှုံ့ဆော်၊ အားထုတ်ရင် အရေးယူနိုင်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

ဒီပုဒ်မအရ ငွေဒဏ်ဖြစ်စေ၊ ငွေဒဏ်နဲ့ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်နဲ့ တစ်သက်တစ်ကျွန်းဖြစ်စေ ချမှတ်နိုင်ပါတယ်။

ပဲခူးတိုင်းအတွင်းမှာ ကိုငြိမ်းချမ်းဝေအပြင် အလွတ်တန်းသတင်းထောက် ကိုလပြည့်၊ DVB သတင်းထောက် ကိုမင်းညိုနဲ့ DVB ရဲ့ အလွတ်တန်းသတင်းထောက် ကိုသက်နိုင်ဝင်းတို့ကိုလည်း စစ်ကောင်စီက လက်ရှိအချိန် အထိ ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org