ကျောက်ကြီးနဲ့ ရွှေကျင်မှာ လက်နက်ကြီးကြောင့် အရပ်သား သုံးဦး ဒဏ်ရာရ
ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးသွားပါတယ်။
-
RFA Burmese
2023-10-25 -
-
-
ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်မှာ အောက်တိုဘာ ၂၂ ရက်ကနေ ၂၄ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က အောက်တိုဘာ ၂၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့က စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ (၃၅၀) နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ဟာ ရွှေကျင်မြို့နယ် စပ်စုကျေးရွာကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၄၁ နှစ်အရွယ် ဦးမင်းမင်း ညာဘက် ခြေသလုံး ထိမှန်ခဲ့ပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့မှာလည်း ကျောက်ကြီးမြို့နယ် တောကြောင်ပေါက်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် စောအဲခူဆဲနဲ့ အသက် ၅၂ နှစ်အရွယ် ညားဒါးဒါးတို့ ဒဏ်ရာရခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားတယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီပစ်ခတ်မှု ကိုတော့ ကုန်းချောင်းဝ ရွာအနီး အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်က လုပ်ခဲ့တာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ကြီးဒေသခံတစ်ဦးကတော့ အခုရက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေ မရှိတော့ပေမယ့် စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ကျေးရွာတွေကို မကြာခဏ ပစ်ခတ်နေတယ်လို့ RFA ကို ပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် ညောင်လေးပင်ခရိုင်ထဲက နံဇရွာ၊ တလိုင်းခင်ရွာနဲ့ ဖိုးတရွာ အပါအဝင် ရွာပေါင်း ဆယ်ရွာက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း KNU တာဝန်ရှိသူတွေက ပြောပါတယ်။ လူဦးရေ ဘယ်လောက်အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ သလဲဆိုတာကိုတော့ အတိအကျ ဖော်ပြမထားပါဘူး။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ ပဲခူးတိုင်း စစ်ကောင်စီပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။