လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၅ ထောင်ကျော် ပျက်စီး
2018.04.28

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နဲ့ မအူပင်ခရိုင်တွေမှာ ဒီလလယ်လောက်ကစပြီး လေပြင်းတိုက်ခတ် မှုတွေကြောင့် လူနေအိမ်ခြေ ၅ ထောင်ကျော်လောက် အမိုးလန်ပျက်စီးသွားခဲ့တယ်လို့ တိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ပြောပါတယ်။
ဧပြီလ ၁၇ ရက်နေ့ကနေ ၂၅ ရက်နေ့လောက်အထိ လေပြင်းတိုက်ခတ်မှုတွေကြောင့် ပျက်စီးမှုများတဲ့မြို့နယ်တွေကို ဧရာဝတီတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက အခုလို ပြောပါတယ်။
"၁၇ ရက် လေးလပိုင်းက စဖြစ်တာပေါ့နော်၊ အထူးသဖြင့် ဟင်္သာတခရိုင်ထဲမှာ စဖြစ်တာပေါ့နော်၊ အင်္ဂပူ၊ ဟင်္သာတ အဲဒီကစဖြစ်တယ်၊ ထပ်ဖြစ်တော့ အင်္ဂပူ၊ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ ၁၇ ဖြစ်တယ်၊ ၁၈ ဖြစ်တယ်၊ နောက် ၂၃၊ ၂၄ ၊ ၂၅ ဖြစ်တယ်၊ မအူပင်ခရိုင်ထဲမှာဖြစ်တယ်၊ မအူပင်၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း အဲဒီ မြို့နယ်တွေဖြစ်တယ်၊ စုစုပေါင်း အိမ်ခြေ ၅ ထောင်ကျော်လောက်တော့ အမိုးလန်ပျက်စီးတာတွေဖြစ်တယ်"
အမိုးလန်ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ဆန်ရိက္ခာ တစ်ပတ်စာ၊ ထောက်ပံ့ံငွေတွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ စုစုပေါင်း ငွေကျပ် သိန်း ၄ ထောင်နီးပါးကို ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ထောက်ပံ့ပေးထားတယ်လို့ ဦးသန်းစိုးက ပြောပါတယ်။
လာမယ့် (၂၄) နာရီအတွင်း ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။