ဓနုဖြူမှာ မြစ်ကမ်းပါးပြို


2017.12.31
ayeyarwaddy-river-damage-622.jpg ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်မှာ ဧရာဝတီမြစ်ကမ်းပါး ပြိုကျနေသည်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်
Photo: Aung Naing Tun

ဧရာဝတီတိုင်းဒေသကြီး ၊ ဓနုဖြူမြို့နယ် အမှတ် ၁၆ ရပ်ကွက်မှာ မနေ့ညက ဧရာဝတီမြစ်ကမ်းပါး ပြိုကျတာကြောင့် နေအိမ် ၁၁ လုံး မြစ်ထဲမျောပါသွားခဲ့ပြီး အန္တရာယ်ရှိတဲ့ နေအိမ် ၁၃ လုံးကို ဖြိုချခဲ့ရတယ်လို့ ဓနုဖြူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း က ဒီနေ့ ပြောပါတယ်။

ဓနုဖြူမြို့နယ် ဧရာဝတီမြစ်ကမ်းပါးတလျှောက်မှာ အရင်က သဲစုပ်၊ ကျောက်စုပ်လုပ်ကိုင်တာတွေရှိတာကြောင့် အခုလို ကမ်းပါးပြိုကျတာဖြစ်တယ်လို့ ဦးအောင်နိုင်ထွန်း က ပြောပါတယ်။

"အခုဟာက သဲစုပ်၊ ကျောက်စုပ်တာတွေက ရွေ့ဆိုင်းထားတာ နှစ်နှစ်လောက်ရှိပြီ၊ ဒီအစိုးရသစ် တက်ပြီးနောက်ပိုင်းရွှေ့ထားတာ၊ ဒါပေမဲ့၂၀၁၄၊ ၂၀၁၅ တုန်းက အဲဒီနားမှာ ကျောက်တွေ အတင်အချ စက်ကြီးတွေနဲ့ရပ်တော့ အဲဒီနေရာတွေက ဂလိုင်တွေ ဖြစ်နေတာလေ၊ ဂလိုင်တွေဖြစ်နေတော့ ပြိုတာပေါ့လေ၊ အခုလို ရေစွယ်ထိုးတာနဲ့ ပြိုတာပေါ့၊ အိမ်တွေ ထပ်ရွှေ့ရတယ်၊ အန္တရာယ်ရှိတယ် ဆိုပြီးတော့၊ လူတွေတော့ အထိအခိုက်မရှိပါဘူး"

မနေ့ည သန်းခေါင်ယံအချိန်မှာ ကမ်းပါးပြိုတာကြောင့် ကမ်းနားလမ်းတလျှောက်က နေအိမ်တွေကို ဘေးလွတ်ရာ ကို ရွှေ့နေစဉ် နေအိမ် ၁၁ လုံးက မြစ်ထဲမျောပါသွားတာဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ နေအိမ် ၈ လုံးကို ညတွင်းချင်း ရွှေ့ပြောင်းခဲ့ပြီး ဒီနေ့မနက်မှာ နောက်ထပ်အန္တရာယ်ရှိတဲ့ နေအိမ် ၅ လုံးကို ထပ်မံရွှေ့ပြောင်းခဲ့ တာဖြစ်ပါတယ်။

နေအိမ်တွေ မြစ်ထဲမျောပါသွားတဲ့ အိမ်ထောင်စုတွေနဲ့ ရွှေ့ပြောင်းခဲ့ရတဲ့နေအိမ်တွေက အိမ်ထောင်စု စုစုပေါင်း ၂၄ စု ကို လတ်တလောမှာ ယာယီတဲတွေ ဆောက်လုပ်ပြီး နေရာချထားပေးတယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းနေကြရသူတွေဟာ ကျပန်းအလုပ်လုပ်ကိုင်သူတွေများတာကြောင့်  လတ်တလော စားဝတ်နေရေး အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။