ဦးကိုနီ အမှုအတွက် အင်းစိန်အောင်စိုး သက်သေထွက်ဆို

2017.09.29
aungsoe-insein-622.jpg အင်းစိန်တရားရုံးမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က လာရောက်သက်သေထွက်ဆိုတဲ့ ဦးအောင်စိုး ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ အောင်ဝင်းဇော် က ပိုက်ဆံ သိန်းထောင်ချီပေးကာ ညှိနှိုင်း ခဲ့တယ်လို့ အောင်ဝင်းဇော်နဲ့ ထောင်ထဲမှာ သိကျွမ်းခဲ့တယ်ဆိုတဲ့ ဦးအောင်စိုး(ခေါ်) စာရေးဆရာ အင်းစိန်အောင်စိုးက တရားရုံးမှာ ဒီကနေ့ သက်သေထွက်ဆိုလိုက်ပါတယ်။

အောင်ဝင်းဇော် က သူ့ကို လူသတ်ဖို့ကိစ္စ လာရောက်ပြောဆိုရာမှာ စရံငွေပေးဖို့အတွက် ပိုက်ဆံပါ ယူဆောင်လာ တာဖြစ်ပြီး သတ်ပြီးသွားရင်လည်း ထပ်ပြီးပေးဖို့ ပြောဆိုခဲ့တာတွေကို ဒီကနေ့ တရားရုံးမှာ သက်သေထွက်ဆိုခဲ့ တယ်လို့ ဦးအောင်စိုးက ပြောပါတယ်။

"အောင်ဝင်းဇော် ဖုန်းဆက်တယ်၊ ကျနော့်ကို တွေ့ချင်တယ်ပြောတယ်၊ ကျနော်က အဲဒီအခါ ခေတ်ဆန်းလက်ဖက်ရည်ဆိုင်မှာ ချိန်းဆိုတယ်၊ ချိန်ဆိုပြီး ကျနော် ရောက်သွားတယ်၊ အောင်ဝင်းဇော် ကားနဲ့ရောက်လာတယ်၊ စားရင်းသောက်ရင်းနဲ့ ကျနော့်ကိုပြောတယ်၊ အလုပ်တစ်ခုရှိတယ် လုပ်မလား၊ ဘာလဲဆိုတော့ လူသတ်ပေးနိုင်မလား၊ ဘယ်လိုသတ်ပေးရမလဲ၊ နိုင်ငံခြား သံတမန်တစ်ယောက်ကို သတ်ပေးနိုင်မလား၊ လက်ရှိ စရံ သိန်း ၃ဝဝ ပါတယ်၊ သိန်း ၅ဝဝ ယူမလား သိန်း ၆ဝဝ ယူမလား အဲလိုကိစ္စတွေပေါ့နော်၊ ကျနော် လက်မခံတဲ့အခါကျတော့ သူပြန်သွားတယ်၊ နောက် ၇ လကျော်ကြာမှ ဒီကိစ္စဖြစ်ပေါ်လာတဲ့အချိန်မှာ ကျနော် ဆက်စပ်စဉ်းစားပြီး ဒီလိုဖော်ထုတ်လိုက်တဲ့ အကြောင်းတွေပေါ့"

ဦးအောင်စိုးဟာ ဦးကိုနီ အသတ်ခံရပြီး မကြာခင်အချိန်မှာလည်း သူ့ကို အောင်ဝင်းဇော်က လူသတ်ပေးဖို့ လာရောက်ကမ်းလှမ်းတဲ့အကြောင်း မီဒီယာတွေကို ဖွင့်ပြောခဲ့သူဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ ၂၆ ကြိမ်မြောက် ရုံးချိန်းမှာ ဦးအောင်စိုးအပါအဝင် သက်သေ ၄ ယောက်ကို အင်းစိန်တရားရုံးမှာ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်စိုးရဲ့ ဒီကနေ့ ထွက်ဆိုချက်တွေအရ အမှုဟာ ပိုမိုလေးနက်လာတယ်လို့လည်း တရားလိုရှေ့နေတွေက မှတ်ချက်ပြု ပြောကြပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီလ ၂၉ ရက်နေ့က ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။ သူရဲ့အမှုနဲ့ပတ်သက်ပြီး သက်သေ အယောက် ၈၀ ကျော်ကို စစ်ဆေး ရမှာဖြစ်ပြီး အခုဆိုရင် အယောက် ၄၀ ကျော် စစ်ဆေးပြီးဖြစ်ပါတယ်။

နောက်လာမယ့် ရုံးချိန်းကိုတော့ အောက်တိုဘာ ၁၃ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။