ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးမှ ပြန်လည်ရောက်ရှိ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ (၂) ပတ်ကျော်ကြာ ဥရောပခရီးစဉ်ကနေ ဒီကနေ့ မနက် (၁၀) နာရီကျော်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ လာပါတယ်။

2012.06.30
assk-welcome-back-crowd-b305 ဥရောပ ၅ နိုင်ငံခရီးစဉ် အပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လမ်းမ ဝဲ-ယာ တလျှောက်တွင် စောင့်မျှော် ကြိုဆိုသူများကို တွေ့ရစဉ်။
NLD

ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် ကြိုဆိုကြတဲ့ NLD ပါတီဝင်တွေ၊ အခြားသော အားပေးထောက်ခံသူတွေနဲ့ ပြည့်နေတယ်လို့  NLD ပါတီ နာယက အဖွဲ့ဝင် ဦးတင်ဦးက ပြောပါတယ်။

"ကြိုဆိုတဲ့ အခန်းကြီး တခုထဲမှာ လုံခြုံရေးအတွက် သတ်မှတ်တဲ့ နေရာကလွဲလို့ NLD ပါတီဝင်တွေရော၊ နယ်က လာကြတဲ့ အဖွဲ့ဝင်တွေရော ပြည့်ကျပ်နေပြီး အပြင်မှာလည်း တခါထဲ နဲတဲ့ လူအုပ် မဟုတ်ဘူးခင်ဗျ။ တလျှောက်လုံးမှာလည်း လူထုလူအုပ်က မနဲဘူး။ လေဆိပ်ကနေပြီးတော့ သူ့အိမ်အထိ သွားရဖို့ ၂ နာရီခွဲလောက် ကြာကြာ သွားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းမှာ လူတွေက ကြိုကြ ဆိုကြ တော့တော့ကို ကြိတ်ကြိတ်ခဲခဲ ပါပဲ။ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်း စည်းကမ်းရှိရှိ ကြိုဆိုကြတာကလည်း အင်မတန်မှ အားရစရာ ကောင်းပါတယ်။"

မင်္ဂလာဒုံ လေဆိပ်ကနေ ၈-မိုင်လမ်းဆုံ အထိ လမ်းဘေးဝဲယာ တောက်လျှောက် ထောင်နဲ့ချီတဲ့ လူထုကြီးဟာ "ဒေါ်အောင်ဆန်းစုကြည် သက်ကျော်ရာကျော်ရှည်ပါစေ" ဆိုပြီး အော်ဟစ် ကြိုဆိုကြသလို၊ သူတို့လက်ထဲမှာလည်း "အမေစုအတွက် ဂုဏ်ယူပါတယ်" ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ အတူ NLD ပါတီအလံငယ်တွေကို ကိုင်ဆောင် ဝှေ့ယမ်းပြီး ကြိုဆိုကြတာ ရှိကြောင်း သိရပါတယ်။

၁၉၉၁ ခုနှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီဆုကို ကိုယ်တိုင်လက်ခံ ရယူဖို့ အတွက် နော်ဝေနိုင်ငံအော်စလိုမြို့ကို သွားရောက်ခဲ့သလို၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံကိုလည်း တက်ရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံတွေကို သွားရောက်ခဲ့ပြီး နိုင်ငံ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်း အကြီးအကဲတွေနဲ့ မြန်မာပြည် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေကို ဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပြန်ခရီးကို ကြိုဆိုကြပုံနဲ့ပတ်သက်ပြီး RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။