အာဆီယံအတွင်းရေးမှူးချုပ်နဲ့ အထူးကိုယ်စားလှယ်တို့ မြန်မာ့အရေးဆွေးနွေး

အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ အာဆီယံသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ကအိုကင်မ် ဟောင်နှင့် အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အော့သ်မန် ဟာရှင် (Othman Hashim) တို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ တွေ့ဆုံစဉ်။ Asean


မြန်မာပြည်အကျပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ကအိုကင်မ် ဟောင် (KAO KIM HOURN) နဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အော့သ်မန် ဟာရှင် (Othman Hashim) တို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိမြန်မာပြည်အခြေအနေအရ စိန်ခေါ်မှုတွေရှိနေတဲ့ကြားကပဲ မြန်မာပြည်သူတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးနိုင်ရေးအပါအဝင် အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ အာဆီယံသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ ဒီလဆန်းပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။ အဲဒီခရီးစဉ်မတိုင်ခင်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

အဲဒီခရီးစဉ်ပြီးတဲ့နောက် မစ္စတာ အော့သ်မန် ဟာရှင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေက သတင်းထုတ်ပြန်တာမရှိခဲ့ပါဘူး။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံက အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်အဖြစ် Othman Hashim ကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ခန့်အပ်ခဲ့တာဖြစ်ပြီး သူဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အာဆီယံရဲ့ ငါးဦးမြောက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org