စစ်ကောင်စီကို ဆိုက်ဘာလုံခြုံရေး ကူညီပေးနေမှုရပ်တန့်ဖို့ အာဆီယံကို JMF တောင်းဆို
မလေးရှားနိုင်ငံမှာကျင်းပတဲ့ ဆိုက်ဘာလုံခြုံရေးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို တက်ရောက်ခွင့်ပြုတာဟာ စစ်ရေးစွမ်းရည်တွေကို အာဆီယံက ဆက်လက်ကူညီပေးနေတာဖြစ်တာကြောင့် အမြန်ဆုံးရပ်တန့်ဖို့ Justice for Myanmar က တောင်းဆိုလိုက်ပါတယ်။
-
RFA Burmese
2023-07-07 -
-
-
မလေးရှားနိုင်ငံမှာကျင်းပတဲ့ ဆိုက်ဘာလုံခြုံရေးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို တက်ရောက်ခွင့်ပြုတာဟာ စစ်ရေးစွမ်းရည်တွေကို အာဆီယံက ဆက်လက်ကူညီပေးနေတာဖြစ်တာကြောင့် အမြန်ဆုံးရပ်တန့်ဖို့ မြန်မာ့လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။
ဇူလိုင်လ ၃ ရက်နေ့ကနေ ၆ နေ့အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာကျင်းပတဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အာဆီယံကာကွယ်ရေးဝန်ကြီးများနဲ့ ပညာရှင်များလုပ်ငန်းအဖွဲ့ အစည်းအဝေးကို မြန်မာစစ်ကောင်စီကိုယ်စားလှယ် တက်ရောက်ခဲ့တဲ့အတွက် အာဆီယံအဖွဲ့ကို JFM က ကန့်ကွက်လိုက်တာပါ။
မြန်မာစစ်ကောင်စီအပေါ် အားပေးထောက်ခံနေမှုတွေအတွက် အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေကို Justice for Myanmar က ရှုတ်ချလိုက်ပြီး အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီကို အစည်းအဝေးတွေအားလုံးမှာ မပါအောင် တားမြစ်ပိတ်ပင်ဖို့ တောင်းဆိုထားပါတယ်။
မြန်မာစစ်ကောင်စီဟာ အင်တာနက်အွန်လိုင်းမှာ လူအများကို စောင့်ကြည့်တာ၊ ဆင်ဆာဖြတ်တောက်တာ၊ အင်တာနက်ပိတ်ပင်တာတွေနဲ့ အမုန်းစကားပြောဆိုတာတွေကို လုပ်ဆောင်နေတဲ့ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေတာကြောင့် ဆိုက်ဘာထိန်းချုပ်ရေး စွမ်းရည်တွေကို ကူညီပေးနေတာလို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးဟာ အာဆီယံရဲ့ ဆိုက်ဘာလုံခြုံရေးလုပ်ငန်းအဖွဲ့နဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ သတင်းအချက်အလက်စင်တာ ( ACICE )တို့မှာ ပါဝင်နေတာဟာ အာဆီယံအနေနဲ့ စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေး စွမ်းဆောင်နိုင်မှုကို ထောက်ပံ့နေတာဖြစ်ကြောင်း JFM က ပြောထားပါတယ်။
အဲဒီသုံးရက်ကြာကျင်းပတဲ့ ဆိုက်ဘာလုံခြုံရေးအစည်းအဝေးကို အာဆီယံနိုင်ငံတွေနဲ့အတူ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှား၊ နယူးဇီလန်၊ အမေရိကန်တို့က ပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။