အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန် မြန်မာအစိုးရကို ပေးအပ်လိုက်ပြီ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးညီလာခံက ၂၀၁၄ ခုနှစ် အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အဖြစ် မြန်မာအစိုးရကို ဒီကနေ့ နေ့လည်ပိုင်းမှာ ကျင်းပတဲ့ အစည်းအဝေးကနေ တာဝန်ပေးလိုက် ပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အာဆီယံထိပ်သီးညီလာခံ ကျင်းပသည့် အခမ်းအနား စင်မြင့်ထက်မှ ပြန်လည် ထွက်ခွာခဲ့ကြသည့် အာဆီယံ နိုင်ငံ ခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ကို တွေ့မြင်ရစဉ်။ AFP PHOTO / POOL / ENNY NURAHENI AFP

မြန်မာနိုင်ငံမှာ စစ်အစိုးရက နှစ်ပေါင်းများစွာ အုပ်ချုပ်လာရာကနေ အရပ်သားအစိုးရ ဖြစ်လာပြီး ပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည် ဖော်လာတဲ့အတွက် အခုလို တာဝန်ပေးအပ်ခဲ့တာလို့ သိရပါတယ်။

အမေရိကန် အစိုးရကတော့ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ရှိနေတာ၊ နိုင်ငံရေး အကျဉ်းသား တစ်ချို့ကို လွှတ်ပေးတာတွေ ရှိခဲ့ပေမဲ့ အပြောင်းအလဲဟာ လုံလောက်မှု မရှိသေးဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဆက်လက် ရှိနေဆဲ ဖြစ်တဲ့အတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်မပေးဖို့ ကန့်ကွက်ခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ နာတာလီဂါဝါ ပြောတာက - မြန်မာနိုင်ငံမှာ သိသာတဲ့ အပြောင်းအလဲတွေ ရှိနေပါတယ်။ အခုလို အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာအစိုးရ အနေနဲ့ တာဝန်ယူနိုင်ဖို့ အတွက် အခြေခံကောင်းတွေ ဖြစ်လာပြီဆိုတာ အာဆီယံ ခေါင်းဆောင် အားလုံးက လက်ခံ သဘောတူ ကြတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ အများမျှော်လင့်ထားတဲ့ အဆင့်ထိ မရောက်ရှိသေးပေမဲ့ အာဆီယံအဖွဲ့ အနေနဲ့ မြင်တာက မြန်မာနိုင်ငံက လက်ရှိ အပြောင်းအလဲတွေဟာ လက်ခံလောက်တဲ့ အခြေအနေမှာ ရှိနေပါတယ်လို့ မလေးရှား ဝန်ကြီးချုပ် မစ္စတာ နာဂျစ် ရာဇတ်က ပြောပါတယ်။

အခုလို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို မြန်မာနိုင်ငံ ရရှိတာနဲ့ ပတ်သက်ပြီး ဘာလီမြို့မှာ သတင်းသွားရောက် ယူနေတဲ့ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်ကို ဘာလီမြို့မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org