အဆာဟိရှင်ဘွန်းသတင်းဌာနက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တောင်းပန်စာပို့
2019.02.25

ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းပန်စာ တိုက်ရိုက်ပို့လိုက်ပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီက အဆာဟိရှင်ဘွန်းသတင်းဌာနရဲ့ တောင်းပန်စာ လက်ခံရရှိတယ်ဆိုတာကို RFA ကို အတည်ပြုပြောကြားပေမယ့် အသေးစိတ်ကိုတော့ သတင်းမီဒီယာတွေ မသိသင့်ကြောင်းနဲ့ မြန်မာသတင်းမီဒီယာကောင်စီကသာ ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော်ကတော့ တောင်းပန်တဲ့ကိစ္စကို သတင်းမီဒီယာတစ်ခုမှာသာ တွေ့ရတာဖြစ်ပြီး ကောင်စီကတဆင့် သွားတာမဟုတ်ဘဲ အဆာဟိရှင်ဘွန်း က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်ရိုက်တောင်းပန်တာဖြစ်တဲ့အတွက် အခြေအနေကို မေးမြန်းထားဆဲဖြစ်ကြောင်း RFA ကို ဖြေကြားပါတယ်။
ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်းဘက်ကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
အဆာဟိရှင်ဘွန်းသတင်းဌာနဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖေဖော်ဝါရီလ ၁၄ရက်နေ့က တေ့ွဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။ အဲဒီမေးမြန်းချက်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးထံ ပေးပို့ပြီးမှသာ သတင်းထုတ်ပြန်ဖို့ ကြိုတင် သဘောတူထားခဲ့ပေမယ့်လည်း အဆာဟိရှင်ဘွန်းသတင်းဌာနဘက်က အတည်ပြုချက်မယူဘဲ သတင်းထုတ်လွှင့်ခဲ့လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ တာဝန်ယူဖြေရှင်းပေးဖို့ ဆိုပြီး တပ်မတော်ဘက်က တိုင်ကြားတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။