မုန်းမြို့နယ်မှာ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း ဒေသခံလေးဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ ဧပြီလ ၂၅ ရက်နဲ့ ၂၆ ရက် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီလ ၂၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း၊ မုန်းမြို့၊ အုန်းချစ်ကုန်းရွာမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူတစ်ဦးအား ဆေးကုသပေးနေသည်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ Facebook/ 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ ဧပြီလ ၂၅ ရက်နဲ့ ၂၆ ရက် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီလ ၂၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၅ ရက်နေ့က မုန်းမြို့ပေါ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၃၀၇) ကနေ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အုန်းချစ်ကုန်းရွာက ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၆ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် လှေဒုံးရွာက ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဧပြီလ ၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ မုန်းမြို့နယ်အုပ်ချုပ်ရေးနယ်မြေအတွင်း စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် စစ်ဘေးဒုက္ခသည်ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့လည်း KNU က ဧပြီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်၊ သထုံမြို့နယ်မှာလည်း ဧပြီလ ၂၅ ရက်နေ့က အမြောက်တပ် အမတ (၃၁၄) နဲ့ ခြေမြန်တပ်ရင်း ခမရ (၉) တပ်ရင်းကနေ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ခုနစ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် မရမ်းကုန်းရွာက အမျိုးသားနှစ်ဦး ဒဏ်ရာခဲ့တယ်လို့ ဆိုပါတယ်။

မရမ်းကုန်းရွာက နေအိမ်ရှစ်လုံးနဲ့ ရာဘာခြံတစ်ခြံလည်း လက်နက်ကြီးကြောင့် မီးလောင်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org