ရန်ကုန် ၄၄ လမ်းမှာ ဖမ်းဆီးခံရတဲ့ လူငယ်ခြောက်ဦးနဲ့ကူညီသူတစ်ဦး ထောင် ၁၂ နှစ်စီ ချမှတ်ခံရ

ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၄ လမ်းက တိုက်ခန်းတစ်ခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တဲ့ ဖြစ်စဉ်မှာ ဖမ်းမိခဲ့တဲ့ လူငယ်ခြောက်ဦးကို ဒီဇင်ဘာလ ၂၇ ရက်နေ့ မနေ့က အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင် ၁၂ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ မနေ့က စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တဲ့ ကိုရဲမင်းဦးနဲ့ ရန်ကုန်မြို့ ၄၄ လမ်းမှာ တိုက်ပေါ်ကနေကျပြီး သေဆုံးခဲ့တဲ့မဝေဝေမြင့် တို့ကို တွေ့ရစဉ်။ ( Photo: Citizen Journalist) Citizen Journalist

ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၄ လမ်းက တိုက်ခန်းတစ်ခန်းကို စစ်ကောင်စီတပ် ဝင်ရောက် စီးနင်းခဲ့ချိန်မှာ ဖမ်းမိခဲ့တဲ့ လူငယ်ခြောက်ယောက်နဲ့ သူတို့နဲ့ ဆက်စပ်သူတစ်ယောက်၊ စုစုပေါင်း ၇ ယောက်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်းစိန်ထောင်ဝင်းထဲက တရားရုံးကနေ ထောင် ၁၂ နှစ်စီ အသီးသီးချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းချိန်က တိုက်ပေါ်ကနေ ခုန်ချလို့ ထိခိုက်ဒဏ်ရာတွေနဲ့ ဖမ်းမိခဲ့တဲ့ ကိုရဲမင်းဦး၊ ကိုမင်းသစ္စာအောင်နဲ့ ကိုဝေယံထက် တို့အပြင် ဆက်စပ်ဖမ်းမိခဲ့တဲ့ ကိုသီဟကောင်းဆက် ၊ ကိုဝေဖြိုးအောင်၊ မပိုးကျော့ကျော့ခန့် တို့ကို ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။

သူတို့ကို ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သောဝတ္တုပစ္စည်းများ အက်ဥပဒေ ပုဒ်မ- ၃ နဲ့ ပုဒ်မ-၆ အတွက် ထောင်ဒဏ်ခုနစ်နှစ်၊ ပုဒ်မ-၅ အတွက် ထောင်ဒဏ်ငါးနှစ်၊ စုစုပေါင်း အမိန့်ချလိုက်တာလို့ ထောင်ချခံထားရသူတစ်ဦးရဲ့ မိသားစုနဲ့ နီးစပ်သူက RFA ကို ပြောပါတယ်။

“ဟုတ်ပါတယ် မနေ့ကပဲ ထောင်ချလိုက်တာပါ။ သူတို့ကို ထောင်ချတာ ၁၂ နှစ်ပါ။ ၁၂ နှစ်”

သူတို့နဲ့အတူ ဆက်စပ်ဖမ်းဆီးခံခဲ့ရတဲ့ တက္ကစီယာဉ်မောင်း အမျိုးသားကိုလည်း ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေ ပုဒ်မ-၆ နဲ့ ထောင်ခုနစ်နှစ် ချမှတ်ခဲ့တယ်လို့ သူကပြောပါတယ်။

အခုလို ထောင်ချခံရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကိုရဲမင်းဦးရဲ့ ဖခင် ဦးတင်ဇော်က ...

“ကျွန်တော့်ကို မိဘတစ်ယောက်အနေနဲ့ ဘာပြောချင်လဲလို့မေးလာခဲ့ရင် ကျွန်တော်ပြောချင်တာတစ်ခု ရှိပါတယ်ဗျာ။ ကျွန်တော့်သား ဒီဖြစ်စဉ်ဖြစ်လာကတည်းက အချိန်ကာလအားဖြင့် တစ်နှစ်နဲ့လေးလ ကြာပါတယ်။ ကျွန်တော်တို့ရဲ့ မိသားစုဘဝမှာ အဲဒီတစ်နှစ်လေးလဆိုတဲ့ အချိန်ကာလဟာ ဆယ့်လေးနှစ်နဲ့လေးလကဲ့သို့ ဒုက္ခတွေခံစားရပါတယ်လို့ ကျွန်တော်ပြောလိုပါတယ်ခင်ဗျာ”

သူ့သား ကိုရဲမင်းဦးဟာ အခုတော့ ခြေထောက်တစ်ဖက်နိမ့်သွားပြီး၊ ဒီကာလမှာ မိဘတွေနဲ့တွေ့ခွင့်ရ တယ်လို့ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၄ လမ်း၊ တိုက်အမှတ် (၃၈) က အိမ်ခန်းတစ်ခန်းကို အင်အား ၃၀ လောက်ရှိတဲ့ စစ်သား၊ ကွန်မန်ဒိုနဲ့ အရပ်ဝတ်တွေက လမ်းကို ပိတ်ဆို့ပြီး ဒီလူငယ်တွေကို ဖမ်းဆီးခဲ့တာပါ။

ဝင်ရောက်စီးနင်းချိန်က မဝေဝေမြင့် (ခ) မပန်းသီး နဲ့ ကိုဝေဇော်ဖြိုးတို့ဟာ တိုက်ပေါ်က ပြုတ်ကျ သေဆုံးခဲ့ရသလို တချို့လူငယ်တွေက တိုက်ပေါ်က ပြုတ်ကျတဲ့ ထိခိုက်ဒဏ်ရာတွေနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်တပ်ပိုင် မြဝတီသတင်းရုပ်မြင်သံကြားရဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၁ ရက်၊ ညပိုင်းသတင်းမှာတော့ တိုက်ပေါ်က ခုန်ချသူငါးဦးမှာ နှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၁၃၁၄၃ ဦးဖမ်းဆီး ထိန်းသိမ်းခံထားရပြီး အဲဒီအထဲက ၁၈၂၀ ဦး ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ စာရင်းမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org