အင်းစိန်ထောင်က ခံဝန်နဲ့ပြန်လွတ်လာသူ အမျိုးသမီး နှစ်ဦး ထပ်မံဖမ်းဆီးခံရ

2021.08.25
အင်းစိန်ထောင်က ခံဝန်နဲ့ပြန်လွတ်လာသူ အမျိုးသမီး နှစ်ဦး ထပ်မံဖမ်းဆီးခံရ မစုမြတ်နွယ် (ဝဲ) နဲ့ မခေမာလွင် (ယာ) တို့ကို တွေ့ရစဉ်
.

ရန်ကုန်မြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုနဲ့ ဖမ်းဆီးခံရပြီး ခံဝန်နဲ့ပြန်လွတ်လာခဲ့တဲ့ အမျိုးသမီး နှစ်ဦးဟာ မွန်ပြည်နယ် သထုံမြို့မှာ ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ထပ်မံ ဖမ်းဆီးခံလိုက်ရတယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တွေက RFA ကို ဒီနေ့ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူနှစ်ဦးဟာ အသက် ၂၈ နှစ်အရွယ် မခေမာလွင်နဲ့ အသက် ၃၀ အရွယ် မစုမြတ်နွယ် တို့ ဖြစ်ပါတယ်။

သူတို့ဟာ မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ စာတိုက်လမ်းက ငှားရမ်းနေထိုင်နေတဲ့ နေအိမ်မှာ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကို မသိရဘူးလို့ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

"ဘာကြောင့်ဖမ်းသွားတယ်ဆိုတာတော့ ကျကျနနလည်း မသိရဘူး။ မနက် ၉ နာရီဝန်းကျင်မှာ ဖမ်းဆီးခံလိုက်ရတယ်။ ဆိုင်ရယ်၊ အဆောင်ရယ်၊ ဘုန်းကြီးကျောင်းရယ် အဲဒီ သုံးနေရာကို ပိတ်ပြီးတော့ ဖမ်းသွားတယ်လို့ ပြောတယ်"

မခေမာလွင်နဲ့ မစုမြတ်နွယ်တို့ကို ဖမ်းဆီးရာမှာလည်း ရဲ၊ စစ်သားဝတ်စုံ ဝတ်ဆင်ထားသူတွေ မပါရှိဘဲ အရပ်ဝတ် အင်အား ၅၀ က လာရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကနေ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ မိန်းကလေးနှစ်ယောက်ကို စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်မှာကိုလည်း စိုးရိမ်နေရတယ်လို့ မိသားစုဝင်က ပြောပါတယ်။

မခေမာလွင်နဲ့ မစုမြတ်နွယ်တို့ဟာ အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က ပထမဆုံးအကြိမ် ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီနောက် စစ်ကောင်စီကနေ တပ်မတော် အကြည်ညိုပျက်စေမှုလို့ ခေါ်တဲ့ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားခဲ့ပြီးနောက် မတ်လ ၂၆ ရက်နေ့မှာတော့ မခေမာလွင် တို့အပါအဝင် တခြားဖမ်းဆီးထားသူတချို့ကို စစ်ကောင်စီက ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တာပါ။

သူတို့နှစ်ဦးဟာ ခံဝန်နဲ့ ပြန်လွတ်လာပြီးနောက် မွန်ပြည်နယ်၊ သထုံမြို့ကို ပြောင်းရွှေ့နေထိုင်နေပြီး အလှပြင်ဆိုင်မှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။