မှော်ဘီလေတပ်ကို တိုက်ခိုက်ဖို့ကြိုးစားမှုနဲ့ မြို့ပြပြောက်ကျားအဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရ

မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ Dark Shadow (ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့) အဖွဲ့ဝင်နှစ်ဦးဟာ စက်တင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ Dark Shadow အဖွဲ့က စက်တင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် လူငယ်တချို့အား ဖမ်းဆီးမိကြောင်း မြန်မာ့အလင်းသတင်းစာတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားစဥ်။ Myanmar Military

Updated 7:14 PM Sep 19, 2024

ရန်ကုန်မြို့က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ Dark Shadow (ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့) အဖွဲ့ဝင်နှစ်ဦးဟာ စက်တင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ Dark Shadow အဖွဲ့က စက်တင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ဖို့ပြင်ဆင်နေချိန်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေချိန်မှာပဲ စစ်ကောင်စီဘက်က ရုတ်တရက် ဝင်ရောက်စီးနင်းတာကြောင့် Dark Shadow (ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့) အဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရပြီး ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ လွတ်ကင်းရာကို ပြောင်းရွှေ့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ဆင်ရေးမအောင်မြင်ပေမဲ့ တော်လှန်ရေးပြီးဆုံးတဲ့အထိ စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းသွားမယ်လို့ Dark Shadow အဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေရဲ့ နာမည်နဲ့ ကိုယ်ရေးအချက်အလက်တွေအပြင် ဘယ်နေရာမှာ ဖမ်းဆီးခံထားရတယ်ဆိုတာကိုတော့ ဖော်ပြထားတာမရှိပါဘူး။

မှော်ဘီလေတပ်စခန်းဟာ ကယားနဲ့ တနင်္သာရီတိုင်းကို လေကြောင်းကနေ တိုက်ခိုက်နေတဲ့ အဓိကစခန်းတစ်ခုဖြစ်တယ်လို့ CDM ဝင်ထားတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။

"ကယားနဲ့ တနင်္သာရီတိုင်းကို လေကြောင်းကနေ အဓိက တိုက်ခိုက်နေတာပေါ့။ မြေမျက်နှာပြင် အနေအထားအရဆို မှော်ဘီစခန်းက ကယားနဲ့ တနင်္သာရီကို နီးတယ်။ ဒါကြောင့် အဲဒီဘက်ကစစ်ဆင်ရေးတွေမှာ မှော်ဘီလေတပ်က အများဆုံးသွားတယ်"

ဒါ့အပြင် အဲဒီစခန်းဟာ နိုင်ငံတစ်ဝန်းက လေတပ်စခန်းတွေကို လေယာဉ်ဆီ သိုလှောင်ဖြန့်ဖြူးပေးတာနဲ့ လေယာဉ်အစိတ်အပိုင်း ပြုပြင်ထိန်းသိမ်းရေးတွေလည်း လုပ်ဆောင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ သူ့ကိုဆန့်ကျင်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးနှိပ်စက်နေတာကြောင့် Dark Shadow အဖွဲ့ဝင်နှစ်ဦးအတွက် အသက်အန္တရာယ် စိုးရိမ်မိတယ်လို့ တကသ ကျောင်းသားဟောင်းများအင်အားစု တာဝန်ခံ ကိုနန်းလင်းက RFA ကို ပြောပါတယ်။

"အခု အဖမ်းခံရတဲ့ နှစ်ယောက်ကိုလည်း လူမဆန်အောင် နှိပ်စက်တာ လုပ်နိုင်တယ်။ ကျွန်တော်တို့အနေနဲ့ တော်လှန်ရေး ရဲဘော်တွေ ဖမ်းဆီးခံရပြီဆိုတာနဲ့ အသက်ရှင်လျက် ပြန်တွေ့ဖို့၊ ပြန်ဆုံဖို့နဲ့ ဥပဒေနဲ့အညီ အကာအကွယ်ရနိုင်ဖို့ဆိုတာ စိတ်ကူးတောင်ယဉ်လို့ မရတဲ့အခြေအနေ ဖြစ်နေတယ်"

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က အမှတ် (၃) သန်လျင်တံတားဖွင့်ပွဲ တက်ရောက်နေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လုပ်ကြံဖို့ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူတွေအထဲက Dark Shadow အဖွဲ့ဝင်နှစ်ဦး စစ်ကြောရေးမှာ သတ်ဖြတ်ခံရပါတယ်။

(မှတ်ချက် - ဤသတင်းတွင် CDM စစ်တပ်အရာရှိဟောင်းတစ်ဦး၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org