စစ်အစိုးရဆန့်ကျင်တဲ့ ဖမ်းဆီးခံ ကျောင်းသား လေးဦးကို ရုံးထုတ်
အာဏာသိမ်း စစ်အစိုးရ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားလေးဦးကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
- 2021-02-05
-
-
-
အာဏာသိမ်းစစ်အစိုးရအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသား လေးဦးကို မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ မနေ့က ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့နဲ့ အမှုဖွင့်ထားတာပါ။
ခွင့်ပြုချက်မယူပဲ စီတန်းလှည့်လည် ဆန္ဒပြတဲ့အတွက် တရားစွဲဆိုထားတာဖြစ်တယ်လို့ ချမ်းအေးသာစံမြို့နယ် က တရားရုံးပြန်ကြားရေး အရာရှိ ဦးကျော်မျိုးဝင်း က ပြောပါတယ်။ အဖမ်းခံရသူတွေဟာ ကိုစောဥက္ကာမင်း (နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေး)၊ ကိုမင်းညီညီကွန်း (ရတနာပုံ တက္ကသိုလ်) ၊ ကိုရဲဝင်းထွန်းနဲ့ ကိုပြည့်စုံအောင်တို့ဖြစ်ပါတယ်။
အဲ့ဒီအဖွဲ့ဟာ မန္တလေးမြို့ လမ်း ၃၀ ဆေးတက္ကသိုလ်ရှေ့မှာ လူအင်အား ၂၀ ကျော်နဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဆန္ဒပြခဲ့တာဖြစ်ပြီး ဆန္ဒပြပွဲအပြီးမှာ အရပ်ဝတ်ရဲတွေက လိုက်ဖမ်းခဲ့တာပါ။ သူတို့ကို လိုက်ဖမ်းနေချိန်မှာ ဆန္ဒပြသူတယောက်ကRFA ကို အခုလို လှမ်းပြောပါတယ်။
"ကျနော်တို့ မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ၁၁ ဦးစုပြီးဆန္ဒပြပွဲလုပ်တယ်။ ၂၈ လမ်းမှာလည်း လုပ်တယ်။ ၂၈ လမ်းမှာလုပ်တဲ့ထဲက ၂ ယောက်ပါသွားပြီ။ ဆေးတက္ကသိုလ်ဘက်ကတော့ ယောက်ပါသွားပြီ"
မန္တလေးတိုင်းဒေသကြီး လူငယ်အစည်းအရုံးက ကိုဇင်လှိုင်ထက်က အခုလိုမေးခွန်းထုတ်ပါတယ်။
"ဆန္ဒပြတဲ့သူတွေချင်း အတူတူကို တပ်မတော်ကိုထောက်ခံတဲ့သူတွေကိုမဖမ်းပဲ ကန့်ကွက်တဲ့သူတွေ ကိုပဲ ဖမ်းတဲ့အပေါ် မေးခွန်းထုတ်ချင်တယ်"
အထက်မြန်မာပြည် ကရင်လူငယ်အဖွဲ့က စောသန့်ဇော် ကလည်း ....
"ကျွန်တော်တို့ သဘောကျတဲ့ အစိုးရကို တင်ထားပြီးဖြစ်တယ်။ သဘောမကျတဲ့ စစ်အစိုးရက အာဏာသိမ်းတဲ့ အပေါ် အခုလို ဆန္ဒထုတ်ဖော်တာကို လက်ခံတယ်၊ ဒီလိုလှုပ်ရှားမှုမှာ ကရင်လူငယ်တစ်ယောက်အဖြစ် ပါဝင်ခဲ့တဲ့ အတွက် ဂုဏ်ယူတယ်"
ဒီမိုကရေစီ စံနှုန်းအရ ပြည်သူမှာပဲ အာဏာရှိတယ်။ ပြည်သူအားလုံးပါဝင်ကြပါလို့ ပြောချင်တယ်လို့လည်း သူကပြောပါတယ်။
ရုံးထုတ်အပြီးမှာတော့ ဖမ်းဆီးခံထားရသူတွေဟာ မတရားမှုကို အလိုမရှိ၊ အာဏာရှင်ကို တုံ့ပြန်ကြဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။ ဒီအမှုကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရှေ့နေတွေက အခမဲ့ လိုက်ပါဆောင်ရွက်ပေးကြတာပါ။ တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦးက မတရားမှုကို လက်မခံနိုင်တဲ့အတွက် လိုက်ပါဆောင်ရွက်ပေးတာလို့ ပြောပါတယ်။
"မတရားမှုကို ရင်ထဲ အသည်းထဲက လုံးဝလက်မခံနိုင်ဘူး၊ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ ဘယ်သူပဲဖြစ်နေနေ ရပ်တည်ဆောင်ရွက်သွားမယ်"
အမှုကို လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့ကို ပြန်လည် ရုံးချိန်းဆိုထားတယ်လို့ သိရပါတယ်။ ငြိမ်းစုစီ ဥပဒေပုဒ်မဟာ အမြင့်ဆုံး ထောင်ဒဏ် သုံးလ ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ကတော့ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်ထိ ချမှတ်နိုင်ပါတယ်။