အွန်လိုင်းအသုံးပြုသူ ငါးဆယ်ခန့် လစဉ် ဖမ်းဆီးခံနေရကြောင်း Data For Myanmar ပြော

အာဏာသိမ်းကာလအတွင်း အွန်လိုင်းပေါ်ကနေ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုနဲ့ အွန်လိုင်းအသုံးပြုသူ ၁၈၈၄ ဦးအထိ ဖမ်းဆီးခံခဲ့ရပြီး ပျမ်းမျှအနေနဲ့ တစ်လမှာ လူငါးဆယ်ခန့် လစဉ် ဖမ်းဆီးခံခဲ့ရတယ်လို့ Data for Myanmar က ထုတ်ပြန်ပါတယ်။

မိုဘိုင်းဖုန်းအသုံးပြုနေသူနှစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ်။

အာဏာသိမ်းကာလအတွင်း အွန်လိုင်းပေါ်ကနေ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုနဲ့ အွန်လိုင်းအသုံးပြုသူ ၁၈၈၄ ဦးအထိ ဖမ်းဆီးခံခဲ့ရပြီး ပျမ်းမျှအနေနဲ့ တစ်လမှာ လူငါးဆယ်ခန့် လစဉ် ဖမ်းဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လအတွင်းမှာ မြို့နယ် ၁၄ ခုက အွန်လိုင်းအသုံးပြုသူ နှစ်ဆယ် ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးအရေးယူမှုတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ အများစုက ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းကဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ် (Facebook) ကတစ်ဆင့် ဝေဖန်ရေးသားမှုတွေကြောင့် အများဆုံး ဖမ်းဆီးခံရတာလို့ Data for Myanmar က ပြောပါတယ်။

ဒါ့အပြင် TikTok၊ Telegram၊ Viber၊ YouTube စတဲ့ လူမှုကွန်ရက်တွေကနေတစ်ဆင့် ပြောဆိုရေးသားမှုတွေကြောင့် ဖမ်းဆီးအရေးယူခံရတဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။

လူမှုကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေပြုလုပ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ - ၁၂၄-က၊ ပုဒ်မ - ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ - ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၂ နှစ်၊ ဖေဖော်ဝါရီလကနေ ဒီနေ့အထိ ဖမ်းဆီးအရေယူတာတွေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အွန်လိုင်းပေါ်က ရေးသားပြောဆိုမှုတွေကို စစ်ကောင်စီက စောင့်ကြည့်အရေးယူတာရှိသလို လုံခြုံရေး စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေကို စစ်ဆေးပြီး အရေးယူတာတွေလည်းရှိတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီကိုထောက်ခံတဲ့ တမ်လီဂရမ်ချန်နယ်တွေကလည်း အွန်လိုင်းပေါ်က ရေးသားပြောဆိုမှုတွေကို စောင့်ကြည့်ပြီး ဖမ်းဆီးအရေးယူနိုင်အောင် ကိုယ်ရေးအချက်အလက်တွေ စုဆောင်းပေးပို့တာ၊ ဖိအားပေးတိုက်တွန်းတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ လူငယ်တစ်ဦးကတော့ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ စောင့်ကြည့်မှုတွေကြောင့် လူမှုကွန်ရက်ပေါ်မှာ အကောင့်အစစ်နဲ့ လွပ်လွပ်လပ်လပ် ဝေဖန်ပြောဆိုရေးသားတွေ ပြုလုပ်ဖို့ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ပြောပါတယ်။

"အခုကတော့ အွန်လိုင်းပေါ်မှာ ဝမ်းနည်းကြောင်းမျှဝေရင်တောင် ဖမ်းနေတာဆိုတော့ အကောင့်အစစ်နဲ့ ဘာမှမတင်ရဲတော့ဘူးပေါ့နော်။ သူတို့ကလည်း အဲဒီလို မဝေဖန်ရဲအောင်၊ ဘာမှမတင်ရဲအောင်ကို သူတို့က လုပ်ထားတာ။ ဒါပေမဲ့လည်း ဝေဖန်ရေးသားတာတွေကိုတော့ သူတို့တားဆီးလို့မရဘူး။ နည်းလမ်းပေါင်းစုံနဲ့ ရှိနေတာပဲ"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ စုရုံးခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နယ်ပယ်ဟာ တဖြည်းဖြည်း ကျဉ်းမြောင်းလာတယ်လို့ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေအကြောင်း Data for Myanmar က ဇန်နဝါရီလ ၂၂ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါထားတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org