တနင်္သာရီမှာ တစ်လအတွင်း အရပ်သား ၃၆၀ ခန့် ဖမ်းဆီးခံရ

တနင်္သာရီတိုင်းမှာ နိုဝင်ဘာလအတွင်း အရပ်သား ၃၅၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ FE5 Tanintharyi က ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့အဝင် စစ်ဆေးရေးဂိတ်အား ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။ Myanmar Military

တနင်္သာရီတိုင်းမှာ နိုဝင်ဘာလအတွင်း အရပ်သား ၃၅၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က ဒီဇင်ဘာလ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ထားဝယ်ခရိုင်မှာ ၁၃၀ ဦး၊ မြိတ်ခရိုင်မှာ ၉၇ ဦး၊ ကော့သောင်းခရိုင်မှာ ၁၃၁ ဦး ဖမ်းဆီးခံရတာပါ။ ဖမ်းဆီးခံရသူ စုစုပေါင်း ၃၅၈ ဦးထဲက ၁၅၇ ဦး ပြန်လွတ်လာပြီး နှစ်ဦးက သတ်ဖြတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ရပ်ရွာတွေကို စီးနင်းပြီး စစ်မှုထမ်းဖို့ ဖမ်းဆီးတာရှိသလို စစ်ဆင်ရေးတွေမှာ လမ်းပြအဖြစ် ဖမ်းဆီတာတွေလည်း ရှိတယ်လို့ တနင်္သာရီအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ဆင်ရေးတွေမှာ လမ်းပြအဖြစ် ခေါ်သွားတယ်။ သူတို့လိုချင်တဲ့နေရာ ရောက်ရင်တော့ အရပ်သားတွေကို ပြန်လွှတ်ပေးတယ်။ စစ်မှုထမ်းဖို့ ဖမ်းခေါ်နေတာလည်းရှိတယ်။ ဒီလပိုင်းတွေမှာ တနင်္သာရီတိုင်းထဲ စစ်ကောင်စီ တပ်က စစ်ရေးပြင်ဆင်မှုတွေ ပိုလုပ်လာတာ တွေ့ရတယ်”

တနင်္သာရီတိုင်းထဲက အရပ်သားဖမ်းဆီးခံရတဲ့အခြေအနေဟာ ပြီးခဲ့တဲ့လတွေထက် ပိုဆိုးရွားလာပြီး ၂၀၂၄ ခုနှစ်၊ တစ်နှစ်အတွင်းမှာ နိုဝင်ဘာလဟာ ဖမ်းဆီးခံရမှု အများဆုံးဖြစ်တယ်လို့ FE5 Tanintharyi က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးစီးနင်းမှုတွေနဲ့ တိုက်ပွဲတွေကြောင့်လည်း တနင်္သာရီတိုင်းမှာ စစ်ဘေး ဒုက္ခသည် ၆၈,၀၀၀ ကျော်အထိ ရှိလာပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်မှုထမ်း သင်တန်းအပတ်စဉ် (၈) အတွက် စစ်ကောင်စီတပ်က သင်တန်းဖွင့်ဖို့ ပြင်ဆင်နေပြီး နိုင်ငံတစ်ဝန်းက လူငယ်တွေကို ဖမ်းဆီးတာ ဆက်တိုက်လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ နဲ့ သပိတ်အင်အားစုတွေက ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org