ကန်ပက်လက်ဒေသခံ လေးဆယ်နီးပါး တောတောင်တွေထဲအထိ လိုက်လံဖမ်းဆီးခံရ

ကန်ပက်လက်မြို့နယ် အုံရွာနဲ့အနီးတစ်ဝိုက် ကျေးရွာတွေက စစ်ဘေးဒုက္ခသည် လေးဆယ်နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တောတောင်တွေထဲအထိ လိုက်လံဖမ်းဆီးသွားခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က တွေ့ရစဥ်။ Citizen Journalist

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အုံရွာနဲ့အနီးတစ်ဝိုက် ကျေးရွာတွေက စစ်ဘေးဒုက္ခသည် လေးဆယ်နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မေလ ၁၄ ရက်နေ့က တောတောင်တွေထဲအထိ လိုက်လံဖမ်းဆီးသွားခဲ့တယ်လို့ ရွာခံတချို့က ပြောပါတယ်။

“အဖမ်းခံရတဲ့အထဲမှာ အမျိုးသမီး ၂၇ ဦး၊ အမျိုးသား ၁၁ ဦးပါသွားတယ်လို့ ကနဦးသိထားတယ်။ အုံရွာကနေ ခြေလျင် လေး- ငါးမိုင်ဝေးပြီး ကားလမ်းမပေါက်တဲ့ တောတောင်တွေထဲ လုံခြုံမယ်ထင်ပြီး သွားခိုလှုံနေတာကိုဖမ်းသွားတာ။ ဘာကြောင့်ဖမ်းတယ်ဆိုပြီး အကြောင်းပြချက်တော့ မရှိဘူး”လို့ ဒီအခြေအနေကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန်ပက်လက်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဧပြီလထဲမှာ ကန်ပက်လက်မြို့နယ်ထဲက အုံရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်နဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့ပါတယ်။ အုံရွာအပါအဝင် ချိုင်လောင်း၊ လွီးစုံ၊ သိုးချောင်းစတဲ့ ကျေးရွာတွေက နှစ်ရာဝန်းကျင်ရှိတဲ့ ဒေသခံတွေဟာ အဲဒီအချိန်ကတည်းက တောတောင်တွေထဲ သွားရောက်ခိုလှုံနေကြတာလို့ ပြောပါတယ်။

ဒေသခံတွေ ခိုလှုံနေတဲ့ တောတောင်တွေထဲအထိ စစ်ကောင်စီတပ်က မေလ ၁၄ ရက်နေ့မှာ သွားရောက်ဖမ်းဆီးတာတွေရှိလို့ မေလ ၁၅ ရက် ဒီနေ့မှာတော့ ဒေသခံတွေဟာ တခြားရွာတွေဘက်ကို ထပ်မံ ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်မှာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းညီနောင်တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီးနောက် အဲဒီမြို့က စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာတွေဘက်ကို ထွက်ပြေးကြရင်း အခုလိုဒေသခံတွေကို ဖမ်းဆီးတာတွေ နောက်ဆက်တွဲ ရှိလာတာလို့ ရွာခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA ဝါရှင်တန်ဒီစီရုံးက ဆက်သွယ်တဲ့အခါ ဖုန်းကိုင်ခဲ့ပေမယ့် ဒီသတင်းနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားတာမရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org