အုတ်ဖိုနဲ့ မင်းလှမှာ စစ်မှုထမ်းဖို့ လူခြောက်ဆယ်ခန့် ဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုနဲ့ မင်းလှမြို့နယ်မှာ နိုဝင်ဘာလ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ဒေသခံ အမျိုးသား ခြောက်ဆယ်ခန့် စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးစုဆောင်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တစ်နေရာကို တွေ့ရစဉ်။ (ယခင်ပုံဟောင်း) Citizen Photo

ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုနဲ့ မင်းလှမြို့နယ်မှာ နိုဝင်ဘာလ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ဒေသခံ အမျိုးသား ခြောက်ဆယ်ခန့် စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးစုဆောင်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းလှမြို့နယ်က နှစ်ဆယ်ခန့်နဲ့ အုတ်ဖိုမြို့နယ် အနောက်ခြမ်းရွာတွေက လေးဆယ်ခန့် ဖမ်းဆီးစုဆောင်းခံရတာလို့ ဆိုပါတယ်။

မင်းလှမြို့နယ်ထဲက ကြို့ကုန်း၊ ထောက်ကြန့်ကွင်း၊ ပက်တန်းကြီး၊ ပက်တန်းလေး၊ မုက္ခာ၊ သဖန်းပင်ဆိပ်ရွာတွေက ဒေသခံတွေ အများစု ဖမ်းဆီးစုဆောင်းခံရတာလို့ ဒေသခံတွေက ပြောပါတယ်။ အုတ်ဖိုမြို့နယ်မှာတော့ ထူးချောင်း၊ ထူးကုန်း၊ ကျက်ဆူတောနဲ့ ကြပ်ချောင်း စတဲ့ရွာတွေက ဖမ်းဆီးစုဆောင်းခံရတာလို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့ကတော့ ကြပ်ချောင်းရွာက အမျိုးသားတစ်ဦးကို စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးချိန် ထွက်ပြေးတာကြောင့် ပစ်ခတ်ခံရပြီး ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့အချိန် ကိုယ့်သဘောဆန္ဒအလျောက်လိုက်ပါသူ နည်းနေပြီး သတ်မှတ်လူဦးရေ မရတာကြောင့် ဖမ်းဆီးစုဆောင်းတာတွေ လုပ်နေတာလို့ အုတ်ဖိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီမှာတော့ ညဘက်ဆို တောက်လျှောက် ဆွဲနေတော့တာပဲ။ ရွာတိုင်းရွာတိုင်းက အိမ်တွေထဲအထိကို ပေါ်တာဆွဲသလို ဝင်ဆွဲနေတာဗျ။ ပါတဲ့သူတွေ ပါတယ်။ တချို့ကျတော့ ပိုက်ဆံနဲ့ ပြန်ရွေးရတာပေါ့ဗျာ"

ဖမ်းဆီးခံရသူတွေထဲက ငွေကြေးတတ်နိုင်တဲ့အပေါ်မှာ မူတည်ပြီး တစ်ဦးကို ကျပ်သိန်းနှစ်ဆယ်ကနေ သိန်းကိုးဆယ်အထိ ငွေပေးပြီး ရွေးယူရတာလည်းရှိနေတယ်လို့ သူက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ ခေတ္တထိန်းသိမ်းထားပြီး အဲဒီကတစ်ဆင့် သဲကုန်းမြို့နယ် အင်းမအခြေစိုက် တပ်ရင်းတပ်ဖွဲ့တွေကို ပို့ဆောင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတပ်ရင်းတပ်ဖွဲ့တွေမှာ ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ပြီး သက်ဆိုင်ရာ သင်တန်းကျောင်း အသီးသီးကို ထပ်မံပို့ဆောင်တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ ခြောက်ဆယ်ထဲမှာ ငွေကြေးနဲ့ရွေးယူပြီး ပြန်လွတ်လာတာလည်းရှိတာကြောင့် အရေအတွက်ဘယ်လောက်ကို ဆက်လက်ဖမ်းဆီးထားတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက RFA က ဆက်သွယ်မေးမြန်းစဉ်မှာတော့ ပဲခူးတိုင်းအတွင်းမှာ စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းတာနဲ့ ငွေကြေးတောင်းခံတာတွေ မရှိဘူးလို့ ဦးတင်ဦးက ဖြေဆိုထားပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်းက အုတ်ဖိုနဲ့ မင်းလှမြို့နယ်တွေ အပါအဝင် ပေါင်းတည်၊ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက် စတဲ့ မြို့နယ်တွေမှာ စစ်မှုထမ်း အမှတ်စဉ် (၇) အတွက် ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org