တပ်သိမ်းမြေကိစ္စ တနင်္သာရီလွှတ်တော်မှာ မေးမြန်း
2018.01.30

တနင်္သာရီတိုင်းဒေသကြီးအတွင်း တပ်မတော်က သိမ်းယူထားတဲ့မြေတွေထဲမှာ အသုံးမပြုတော့တဲ့ မြေတွေကို မူလပိုင်ရှင်တွေထံ ပြန်လည်စွန့်လွှတ်ပေးဖို့ စီစဉ်ထားတာ ရှိ မရှိ တနင်္သာရီတိုင်းလွှတ်တော်မှာ ဒီနေ့ မေးမြန်းတာ ကို တိုင်းဝန်ကြီး ဦးမြင့်စန်းက တိတိကျကျဖြေကြားတာ မရှိဘူးလို့ မေးမြန်းတဲ့ ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောပါတယ်။
အစိုးရသစ်လက်ထက်မှာ တပ်သိမ်းမြေပြန်ပေးတာတွေဟာ မရှိသလောက်ဖြစ်နေပြီး တပ်သိမ်းမြေ ပြန်လည် စွန်လွှတ်ဖို့ မေးမြန်းရာမှာလည်း တိတိကျကျမဖြေသွားဘူးလို့ တနင်္သာရီမြိုနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောပါတယ်။
"ထိရောက်မှုအပိုင်းကတော့ အားနည်းတယ်၊ အခုလက်ရှိ အစိုးရသစ်လက်ထက်မှာပေါ့နော်၊ အရင်တင်ထားတဲ့ အမှုတွေလည်း စီစစ်ဆောင်ရွက်ဆဲပဲဖြစ်တယ်၊ အဲ့ဒါတွေအားမရတဲ့အပိုင်းပါပဲ၊ အဓိကကတော့ တစ်ခုခု ပြန်ဖြေစေချင်တာပေါ့နော်၊ ပေးနိုင်ရင်လည်းပေး၊ မပေးနိုင်ရင်လည်း သတ်မှတ်ထားတဲ့ လျော်ကြေးကို ပေးစေချင်တာပေါ့၊ အဲ့ဒါကတော့ တပ်သိမ်းမှမဟုတ်ပါဘူး၊ ဘယ်သူပဲသိမ်းသိမ်းပါ"
ဦးရဲမြင့်ဆွေရဲ့ မေးမြန်းမှုကို တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။
တနင်္သာရီမြို့နယ်မှာ အမြောက်တပ်ရင်းက သိမ်းယူထားတဲ့ မြေဧက တစ်ထောင်ကျော်ရှိပြီး အဲဒီထဲက မြေ ၂၀၅ ဧကအတွက် မူလပိုင်ရှင် ၂၅ဦးကို ၂၀၁၀ ခုနှစ်က ငွေကျပ် ၆၆ သိန်းကျော် ပေးအပ်ခဲ့ပါတယ်။
လျော်ကြေးမယူတဲ့ မော်တုန်းကျေးရွာအုပ်စုက ဦးခင်မောင်စိုးပါ တောင်သူ ၅၄ ဦးအမှုကို လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီထံ တင်ပြပြီး လက်ရှိမှာ ခရိုင်မြေစစ်အဖွဲ့ ကို ပြန်လည်စိစစ်ဖို့ ချပေးပေမယ့် ၈ လကြာတဲ့အထိ ဆက်လက်ဆောင်ရွက်တာ မရှိဘူးလို့ ဦးရဲမြင့်ဆွေ က ပြောပါတယ်။
တနင်္သာရီတိုင်းဟာ တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေများတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စကခ ၈၊ စကခ ၁၃ နဲ့ စကခ ၂၀၊ ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ်၊ ရေတပ်စခန်းဌာနချုပ် ၃ခု၊ လေတပ် ၁ခု၊ အမြောက်တပ်မ ၁ခုရှိပြီး ၁၉၉၄ ခုနှစ်နဲ့ ၂၀၀၁ ခုနှစ်တွေမှာ တိုးချဲဖွဲ့စည်းထားတယ်လို့ သိရပါတယ်။