ဦးကိုနီ သေဆုံးမှု ကျူးလွန်သူတွေ ကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက် သွားမယ်လို့ တပ်မတော် သတင်းထုတ်ပြန်


2017.01.30
koni-funeral-620.jpg တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့က ရေဝေးသုဿန်မှာရှိတဲ့ အစ္စလာမ်သင်္ချိုင်းမှာ သဂြိုဟ်ဖို့ သယ်ဆောင်လာစဉ်
Photo: Kyaw Zaw Win/ RFA

ဥပဒေအကြံပေး ဦးကိုနီ သေဆုံးမှုနဲ့ပတ်သက်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူတွေကို အမြန်ဖမ်းဆီးရ မိရေးအတွက် လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဦးကိုနီ သေဆုံးမှုအတွက် ကျန်ရစ်တဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ ဦးကိုနီ သေဆုံးမှုဖြစ်စဉ်ဟာ လုံခြုံရေးနဲ့ပတ်သက်ပြီး များစွာထိခိုက်စေကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သေနတ်သမားတစ်ဦးရဲ့ အနီးကပ်လုပ်ကြံမှုကြောင့် သေဆုံးသွားတဲ့ အသက် ၆၅ နှစ်အရွယ် တရား လွှတ်တော်ရှေ့နေ ဦးကိုနီရဲ့ ရုပ်အလောင်းကို ဒီနေ့ ညနေက ရေဝေးသုဿန်မှာရှိတဲ့ အစ္စလာမ်သင်္ချိုင်းမှာ သဂြိုဟ်ခဲ့ပြီး လူဦးရေ သောင်းနဲ့ချီ တက်ရောက်ခဲ့ပါတယ်။

ဦးကိုနီရဲ့ ဈာပနအခမ်းအနားမှာ ပါတီ နာယက သူရဦးတင်ဦးက ဦးကိုနီအတွက် အမိန့်ပြန်ကြားချက်ကို ဖတ်ကြား ခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က အန်အယ်လ်ဒီပါတီဝင်အဖြစ် ဝင်ရောက်ခဲ့တာဖြစ်ပေမယ့် အန်အယ်လ်ဒီ ပါတီကို မဝင်ရောက်ခင်ကတည်းက ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ထောက်ခံခဲ့ပြီး လိုအပ်တဲ့ ဥပဒေရေးရာကိစ္စရပ်တွေ၊ အကြံဉာဏ်တွေကို ပံ့ပိုးပေး ခဲ့တာဖြစ်ပါတယ်။

ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူ အင်ဒိုနီးရှားနိုင်ငံ မှာ ကျင်းပတဲ့ Senior Leadership Program ကို တပတ်ကြာသွားရောက် လေ့လာခဲ့တာဖြစ်ပြီး မနေ့ညနေ ၅ နာရီခန့်က ရန်ကုန်လေဆိပ်ကိုရောက်ရှိချိန်မှာ လုပ်ကြံခံလိုက်ရတာ ဖြစ်ပါတယ်။

ဦးကိုနီကို သေနတ်နဲ့ အနီးကပ်လုပ်ကြံသူတစ်ဦးကို အနီးအနားမှာရှိတဲ့ အငှားယာဉ်မောင်းတွေရဲ့ ဝိုင်းဝန်းကူညီမှုနဲ့ ဖမ်းမိခဲ့ပြီး မင်္ဂလာဒုံမြို့မရဲစခန်းမှာ အချုပ် ရမာန်ယူပြီး စစ်ဆေးနေပါတယ်။

ဦးကိုနီရဲ့ ဈာပနအခမ်းအနားကို နိုင်ငံရေးသမားတွေ၊ ဥပဒေပညာရှင်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ အန်အယ်လ်ဒီပါတီခေါင်းဆောင်တွေ၊ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။