တပ်မတော်နဲ့ ပတ်သက်တဲ့ သဘောထားအမြင် အစီရင်ခံစာ တစ်စောင်ဖော်ပြထား


2018.09.28
govt-half-life-press-622.jpg "အစိုးရသက်တမ်းဝက်ဆောင်ရွက်ချက်အပေါ် နိုင်ငံသားများ၏ သဘောထားအမြင်" အစီရင်ခံစာကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့မှာ ရှင်းလင်းခဲ့စဉ်
Photo: Thant Zin Oo/RFA

လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ မရှိသင့်ဘူးလို့ဖြေဆိုတဲ့ သူ ၁၆ ရာခိုင်နှုန်းပဲရှိပြီး တိုးသင့်တယ်လို့ ဖြေဆိုသူ ၁၄ ရာခိုင်နှုန်းရှိတယ်လို့ ၂၀၁၈ခုနှစ် မေလထဲမှာကောက်ခံခဲ့ပြီး ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ စစ်တမ်းအစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။

"အစိုးရသက်တမ်းဝက်ဆောင်ရွက်ချက်အပေါ် နိုင်ငံသားများ၏ သဘောထားအမြင်" အစီရင်ခံစာကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ကောက်ယူခဲ့တာဖြစ်ပါတယ်။

နေရာဒေသပေါင်း ၄၀၀ ကျော်မှာရှိတဲ့ အလွှာပေါင်းစုံက ပြည်သူ ၂၆၀၀ ကို မေးမြန်းထားတာဖြစ်တယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ဒီနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားမှာ ပြောပါတယ်။

"လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာရော တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာရော တပ်မတော်သား ကိုယ်စားလှယ်တွေရှိတယ်၊ ဆိုတော့ ဒီတပ်မတော်သား ကိုယ်စားလှယ်အရေအတွက်ကို တိုးသင့်သလား၊ ဒီအတိုင်းထားသင့်သလား၊ လျှော့သင့်သလား၊ ဒါမှမဟုတ်ရင် လုံးဝမရှိသင့်ဘူးလားလို့ ကျနော်တို့မေးတယ်၊ အဲဒီမေးခွန်းကို၊ ဆိုတော့ မေးတဲ့အခါမှာ နိုင်ငံသားတွေရဲ့ ၁၆ ရာခိုင်နှုန်းကပဲ ဒီတပ်မတော်သား ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စုလွှတ်တော်မှာ အရေအတွက်၊ ပြည်ထောင်စုလွှတ်တော်မှာ မရှိသင့်ဘူးလို့ ပြောတဲ့အရေအတွက် မရှိသင့်ဘူးလို့ပြောတဲ့မှတ်ချက်က ကျနော်တို့ ၁၆ ရာခိုင်နှုန်းပဲရှိတယ်၊ ဆိုတော့ ကျန်တဲ့ရာခိုင်နှုန်းတွေကတော့ တိုးသင့်တယ်လို့ပြောတဲ့ ရာခိုင်နှုန်းက ၁၄ ရာခိုင်နှုန်း၊ ဒီအတိုင်းထားသင့်တယ် လို့ပြောတဲ့ ရာခိုင်နှုန်းက ၂၀ ရာခိုင်နှုန်း၊ ပြီးတော့ နည်းနည်းလျှော့သင့်တယ်လို့ပြောတဲ့ ရာခိုင်နှုန်းက ၁၅ ရာခိုင်နှုန်းလောက်ရှိတယ်၊ မသိဘူးလို့ပြောတဲ့ ရာခိုင်နှုန်းကတော့ ၃၀ ရာခိုင်နှုန်းလောက်ရှိတာပေါ့လေ၊ ဆိုတော့ ၁၆ ရာခိုင်နှုန်းက မဲပေးတယ် ကျန်တဲ့ရာခိုင်နှုန်းတွေကတော့ ခုနသဘောမျိုးကို ပြောသွားတယ်၊ ဒါကတော့ ကျနော်တို့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ အကြမ်းမျဉ်းဒေတာပေါ့လေ"

အစီရင်ခံစာထဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို ပြည်သူတွေကိုယ်တိုင် ရွေးချယ်ခန့်သင့်တယ် ဆိုတဲ့အချက်အပေါ် ရာခိုင်နှုန်းအများဆုံး ဖြေဆိုကြတာလည်းပါဝင်သလို ဒီမိုကရေစီအပြည့်အဝသာရရင် ပြည်သူတွေရဲ့ဘဝကောင်းမယ်လို့ ဖြေဆိုသူကလည်း ၅၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိအစိုးရရဲ့ ဒီမိုကရေစီပြောင်းလဲရေး လုပ်ဆောင်နေတဲ့အပေါ် အပြည့်အဝကောင်းတယ်လို့ ဖြေဆိုသူဟာ ၈ ရာခိုင်နှုန်းလောက်ပဲရှိသလို အကောင်းဘက်ကို ဖြေဆိုသူတွေကလည်း ပျှမ်းမျှအားဖြင့် ၅၀ ရာခိုင်းနှုန်းအောက် ပဲရှိတယ်လို့ ပါရှိပါတယ်။

အဲဒီသဘောထားအမြင် အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီနေ့ ကျင်းပခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေနဲ့ သတင်းမီဒီယာတွေ တက်ရောက်ခဲ့ပါတယ်။

လက်ရှိအစိုးရအနေနဲ့ ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာရဲ့တွေ့ရှိချက်တွေအပေါ် အခြေခံပြီး ကျန်ရှိနေတဲ့ သက်တမ်းမှာ ဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်ပြီး အကျိုးဖြစ်စေဖို့၊ နိုင်ငံရေးပါတီတွေ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်နိုင်ဖို့ စတဲ့ အကျိုးကျေးဇူးတွေရရှိဖို့ မျှော်လင့်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။