တိုက်ပွဲကြောင့် ပိတ်မိနေသူများ ကယ်ဆယ်ရန် ခွင့်ပြုချက်မပေး


2015.01.20
army-post-305.jpg ရှေ့တန်းစစ်စခန်းတစ်ခုမှာ တပ်မတော်သားများကို တွေ့ရစဉ်
(Photo: AFP)

အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဖားကန့်မြို့နယ် ကံဆီးကျေးရွာကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က သွားရောက်ဖို့ ပြင်ဆင်ထားပေမဲ့ အစိုးရ စစ်တပ် တပ်မ ၆၆ က ခွင့်မပြုဘူးလို့ သိရပါတယ်။

ဖားကန့်မြို့ပေါ်ကနေ ကံဆီးကျေးရွာကို သွားမယ့်လမ်း တစ်လျှောက် လုံခြုံရေးကို တာဝန်မယူနိုင်ဘူးလို့ တပ်မမှူးက ပြောတာကြောင့် မသွားတော့တာဖြစ်တယ် လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာ က ပြောပါတယ်။

"ခွင့်မပြုတဲ့အနေအထားမျိုး ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ မသွားဖြစ်တော့ပါဘူး၊ လုံခြုံရေးစိတ်မချ နိုင်ပါဘူး၊ လုံခြုံရေးအာမမခံနိုင်ပါဘူးလို့ပြောတယ်၊ အဲ့မှာတည်တည်ငြိမ်ငြိမ်ဖြစ်ပါပြီ၊ အားလုံးသူ့နေရာနဲ့သူဖြစ်နေပါပြီ၊ အဲ့လိုပဲပြောပါတယ်၊ အဲ့ဒါကြောင့် သွားလည်း အပိုပဲပေါ့၊ လမ်းမှာလည်း လုံခြုံရေးအာမမခံနိုင်ပါဘူးပေါ့၊ အဲ့ဒါကြောင့် ခင်ဗျားတို့မသွားတာကောင်းပါတယ် ဆိုပြီး ဖြစ်တဲ့အခါကျတော့ ကျနော်ကသွားလို့မဖြစ်နိုင်တဲ့ အနေအထားတွေပေါ့၊ အဲ့မှာလူထုအတွက်ကတော့ စိုးရိမ်မှုကရှိတာပေါ့"

ဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ဝင်လေးဦးက ဖားကန့်မြို့နယ် ဂျာလယန်ရွာအနီးက တပ်ရင်း ၆ ရဲ့ တပ်စခန်းတစ်ခုမှာ သွားရောက်ခေါ်ဆောင်တာဖြစ်ပြီး မနေ့ညက အစိုးရထံလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလ ၁၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အစိုးရနဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြားမှာ ကံဆီး၊ အောင်ဘာလေနဲ့ ဌက်ပျောတောကျေးရွာတွေက ဒေသခံ ၂ ထောင်ကျော် ပိတ်မိနေတာဖြစ်ပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က အဲဒီကျေးရွာ ၃ ရွာကို သွားရောက်ခွင့်ရဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ တင်ပြသွားမယ်လို့ သိရပါတယ်။

ကျေးရွာ ၃ ရွာက ဒေသခံတွေအတွက် စားဝတ်နေရေးနဲ့ ကျောင်းသားကျောင်းသူတွေ စာမေးပွဲဖြေဆိုဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒီနှစ်ပညာသင်နှစ်မှာ အခြေခံပညာကျောင်းပေါင်း ၃၉ ကျောင်းကို ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ကျောင်းသား ဦးရေ နှစ်သောင်းလောက် ပညာသင်ကြားနိုင်ခြင်းမရှိဘူးလို့ ပြည်နယ်ဝန်ကြီး ဒေါ်ဘောက်ဂျာက RFA ကို ပြောထားပါတယ်။

ဒီနေ့လည်း ကာမိုင်းမြို့နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။